တပတ်အတွင်း ယောဒေသက ဒေသခံ ၂ သောင်းကျော် စစ်ရှောင်နေရ

တပတ်အတွင်း ယောဒေသက ဒေသခံ ၂ သောင်းကျော် စစ်ရှောင်နေရ

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် တပတ်အတွင်း မကွေးတိုင်း မြို့နယ် ၃ ခုရှိ ကျေးရွာတွေက ဒေသခံ ၂ သောင်းကျော် နေရပ်စွန့် တိမ်းရှောင်နေရတယ်လို့ ဒေသတွင်းစစ်ရှောင်တွေကို ကူညီပေးနေတဲ့ Save For Yaw အဖွဲ့ဆီက သိရပါတယ်။ 

ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့ ရေမျက်နီရွာတပ်စခန်းကို ဒီဇင်ဘာ ၄ ရက်ကစလို့ ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၉ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာကြောင့် အဲ့ဒီနယ်တဝိုက်က ဒေသခံတွေအပြင် နီးစပ်ရာကျေးရွာက ဒေသခံတွေလည်း နေရပ်ကနေတိမ်းရှောင်နေရတာပါ။ 

ဒီအရေအတွက်ဟာ ဒီဇင်ဘာ ၁ ရက်ကနေ ၇ ရက်အတွင်း တိမ်းရှောင်နေရတဲ့ ယာယီစစ်ရှောင်အရေအတွက် ဖြစ်ပြီး မြို့နယ်အလိုက် တာဝန်ရှိသူတွေကနေ ကောက်ယူစုစည်းထားတဲ့ ကိန်းဂဏန်းဖြစ်တယ်လို့ ဆိုပါတယ်။ 

“တိုက်ပွဲတွေကြောင့်ရော စစ်ကြောင်းဝင်လို့ရော ရှောင်ရတာပါ။ ဒီစစ်ဘေးရှောင်တွေကတော့ ယာယီစစ်ဘေးရှောင်တွေပါ။ အခုတိုက်ပွဲဖြစ်နေတုန်း၊ စစ်ကြောင်းထိုးနေတုန်း ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေပါ” လို့ Save For Yaw အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။ 

ထီးလင်းမြို့နယ်၊ ရေမျက်နီ၊ ရေပုတ်၊ စင်းဇယ်၊ ကျွဲချောင်း၊ မျက်မြှောင်၊ ကျောက်စာရေး၊ အောင်း၊ ထန်းပင်ကုန်း၊ ပုဏ္ဏား၊ အနောက်ဘက်ရွာ၊ ဂန့်ဂေါမြို့နယ်၊ မဲရွာ၊ ခေါင်းတုံ၊ ညောင်လည်၊ တဇန်း၊ ချိုင်းရွာနဲ့ ဆောမြို့နယ် ရွာသာ၊ ရင့်ရဲ၊ မိအယ် စတဲ့ကျေးရွာက ဒေသခံတွေ နေရပ်ကနေ ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ 

အဲ့ဒီစစ်ရှောင်တွေဟာ နီးစပ်ရာကျေးရွာအချို့နဲ့ တောစပ်တွေမှာ ရှောင်နေရပြီး လက်ရှိမှာ စားစရာ၊ ဆေးဝါးနဲ့ အနွေးထည်တွေ လိုအပ်နေပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ  ၂ သန်းကျော်ရှိပြီလို့လည်း သိရပါတယ်။ 

ပုံစာ - ၂၀၂၂ ခုနှစ်အတွင်း ယောဒသကစစ်ရှောင်အချို့ကို ကျန်းမာရေးကုသမှုပေးနေစဉ် (ပုံဟောင်း)။ (ပုံ - ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီ)

#မြေလတ်အသံ

#မကွေး #ယောဒေသ #ယာယီစစ်ရှောင် #၂သောင်းကျော် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10