တပတ်အတွင်း MBT တပ်ဖွဲ့ဆီ ရဲဘော်သစ် ၅၀ ကျော်ဝင်ရောက်လာ ပြည်သူတွေထောက်ပို့ကြဖို့တိုက်တွန်း

တပတ်အတွင်း MBT တပ်ဖွဲ့ဆီ ရဲဘော်သစ် ၅၀ ကျော်ဝင်ရောက်လာ ပြည်သူတွေထောက်ပို့ကြဖို့တိုက်တွန်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ Myingyan Black Tiger MBT- PDF တပ်ဖွဲ့မှာ ရဲဘော်သစ်တွေ ဝင်ရောက်လာနေပြီး စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် ပြည်သူတွေထောက်ပို့ကြဖို့ အကူညီတောင်းချင်တယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံဗိုလ်မိုက်ခဲက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကစပြီး ရဲဘော်သစ်တွေလက်ခံရာက အင်အား ၅၀ ကျော်ရောက်ရှိလာသလို ထပ်မံရောက်ရှိဖို့လည်း ရဲဘော်သစ်တွေ ချိတ်ဆက်ထားတာ ရှိပြီး အင်အားများလာတဲ့အတွက် ငွေကြေးလိုအပ်ချက် ရှိနေတာလို့ ဆိုပါတယ်။

" ရဲဘော်တွေက တအားများလာတယ်။ စားဖို့နဲ့နေဖို့ကို အဓိကထား ရုန်းကန်နေရတယ်။ နေစရာအတွက် အဆောင်သစ်တွေ ဆောက်နေရတယ်။ ပြည်သူတွေရဲ့အခက်အခဲကို သိပါတယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ ပြောချင်ပါတယ်" လို့ MBT တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရဲဘော်သစ်တွေနဲ့ တပ်ဖွဲ့ဝင်တွေအတွက် စားဝတ်နေရေးကို အဆင်ပြေအောင် အရင်ဆုံးကြိုးစားရုန်းကန်နေရပြီး လက်နက်ခဲယမ်းပိုင်းမှာ လိုအပ်ချက်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

MBT တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှာ ရဲဘော် ၇ ယောက်နဲ့စတင်ဖွဲ့စည်းပြီး စစ်ကောင်စီကို လက်လုပ်သေနတ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းကို အဓိကထား စုဆောင်းရမယ့် အခြေအနေရှိနေတယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်း မလုံလောက်လို့ တိုက်ပွဲတွေနားထားရသလို ပြည်သူတွေကိုပဲ အားကိုးအားထားပြုပြီး တိုက်ပွဲဝင်နေရတယ်လို့ ဆိုပါတယ်။

အာဏာရှင်စနစ်ကို မကြိုက်တဲ့အတွက် လက်လုပ်သေနတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့သလို ရဲဘော်သစ်တွေအတွက် လက်လုပ်သေနတ်တွေ ထပ်မံထုတ်ဖို့နဲ့ ဝယ်ယူဖို့အတွက်လည်း လိုအပ်မယ်လို့ သိရပါတယ်။

ပုံစာ - MBT တပ်တွင်း စစ်သင်တန်းတက် လှုပ်ရှားနေကြသည့် ရဲဘော်သစ်များအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်သတင်း

#မန္တလေး #မြင်းခြံ #PDF #ရဲဘော်သစ်စုဆောင်း #ထောက်ပို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10