တပ်တွင်းဆိုင်ကယ်ပျောက်ဆုံးမှုသံသယနဲ့  တပ်မိသားစုဝင်ကျောင်းသားကို တပ်အရာရှိတွေက ရိုက်နှက်

တပ်တွင်းဆိုင်ကယ်ပျောက်ဆုံးမှုသံသယနဲ့  တပ်မိသားစုဝင်ကျောင်းသားကို တပ်အရာရှိတွေက ရိုက်နှက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာအခြေစိုက် အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃) တပ်အတွင်းက တပ်မိသားစုဝင်ကျောင်းသား ၁ ဦးကို အဲ့ဒီစစ်တပ်အကြီးတန်း အရာရှိတွေက ရိုက်နှက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ဆေးရုံတင်ထားရသူမှာ ဆင်တဲ ကပစ ၃ က ဒုတပ်ကြပ်တဦးရဲ့သား အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်ထက်မြက်အောင်ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့လယ် ၁၁ နာရီခွဲလောက်က တပ်တွင်း(ကပစ ၃)ကျောင်းတွင်းကနေ နေ့လယ်ထမင်းစားချိန်မှာ တပ်လုံခြုံရေးတာဝန်ခံအရာရှိဗိုလ်ကြီးနဲ့ တပ်ရဲက ခေါ်ယူစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

“ကလေး(ထက်မြက်အောင်)က သူမဟုတ်တော့ ငြင်းတာကို ဝန်မခံလို့ဆိုပြီး ညာလက်နဲ့ ဘယ်ခြေကိုလက်ထိပ်ခတ်ပြီး မှောက်ရိုက်ပြီးစစ်တယ်၊ လက်သီးနဲ့နောက်ကျောကိုလည်း ထိုးတယ်။ ၃ ပေလောက်ရှိတဲ့ ကြိမ်လုံးနဲ့လည်းရိုက်တာ"လို့ ကပစ ၃ တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ရိုက်နှက်ခံရလို့ မောင်ထက်မြက်အောင်ရဲ့ ကျောပြင်၊ ပေါင်နဲ့ တင်ပါးတွေမှာ ရိုက်နှက်ဒဏ်ရာတွေ ရရှိခဲ့ပြီး နေအိမ်ရောက်ပြီး ည ၁၀ နာရီခွဲလောက်မှာ မူးလဲခဲ့လို့ တပ်တွင်းဆေးခန်းကနေ အောက်စီဂျင်ပေးကာ ပြည်မြို့ ကုတင် ၁၀၀ ဆေးရုံကို တပ်တွင်းကားနဲ့ ပို့ဆောင်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။  

အမှုနဲ့ပတ်သက်ပြီး ဆိုင်ကယ်ပျောက်ဆုံးတဲ့နေရာကို သွားရောက်စစ်ဆေးတာ၊ မောင်ထက်မြက်အောင်ရဲ့ နေအိမ်အထိ လိုက်လံစစ်ဆေးတာတွေပြုလုပ်ပြီး အမှုမှန်မပေါ်လို့ စက်တင်ဘာ ၁၈ ရက် ညမှာပဲ ဗိုလ်ကြီးအာကာဖြိုးဝင်းက တပ်တွင်းဆေးခန်းကို လာရောက်တောင်းပန်တယ်လို့ ပြောပါတယ်။ 

မိဘတွေကမကျေနပ်လို့ စက်တင်ဘာ ၂၃ ရက်မနေ့မနက်က ကပစ ၃ ကစက်ရုံမှူး ဗိုလ်မှူးကြီးမောင်မောင်စိုးကို နှုတ်နဲ့တိုင်ကြားရာ (ဗိုလ်မှူးကြီးက) ကျေအေးပေးဖို့ပြောခဲ့သလို ဗိုလ်ကြီးအာကာဖြိုးဝင်းက တိုင်ချင်တဲ့နေရာကိုတိုင်နိုင်ပြီး “စောက်ဂရုမစိုက်ဘူး”လို့လည်း ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်ဟာ ကပစ ၃ တပ်က တပ်ဖွဲ့ဝင်တဦးရဲ့ ထိုင်းနိုင်ငံထုတ် စမတ်အမျိုးအစားဖြစ်ကာ စက်တင်ဘာလ ၁၆ ရက်က ပျောက်ဆုံးခဲ့တာပါ။ 

မောင်ထက်မြက်အောင်က ဆိုင်ကယ်ကို တပ်အပြင်ထုတ်ပေးတယ်ဆိုပြီး အသက် ၁၃ နှစ်အရွယ် ကလေးတဦးရဲ့ ထွက်ဆိုချက်နဲ့ စစ်ဆေးတာဖြစ်သလို ခေါ်ယူစစ်ဆေးတာကိုလည်း မိဘတွေက ညနေပိုင်းမှ တပ်ဖွဲ့ဝင်အချို့ရဲ့ပြောပြချက်အရ သိရတာလို့ ကပစ ၃ တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများသမဂ္ဂအဖွဲ့ချုပ် - NPLUF မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးကတော့ အခုဖမ်းဆီးချုပ်နှောင်ထားမှုဟာ ကလေးသူငယ်အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဆိုပါတယ်။ 

"အဓိကတော့ ကလေးသူငယ်အခွင့်အရေး ဥပဒေ(အထူးဥပဒေ)ပါ ပြဌာန်းချက်များကို ချိုးဖောက်ပြီး၊ ရာဇဝတ်ကျင့်ထုံး ဥပဒေ(ယေဘုယျ ဥပဒေ)နဲ့ မညီညွတ်တဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုပါ။ နောက်ဆုံးတခုက တရားဥပဒေစိုးမိုးရေးရဲ့ အထောက်အကူဖြစ်တဲ့ ရဲတပ်ဖွဲ့ကလုပ်ရမယ့် အလုပ်ကို စစ်တပ်ကလုပ်ခဲ့တာဆိုတော့ တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတယ်လို့ပဲ ပြောရမှာပါ” လို့ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောပါတယ်။ 

ဒါ့အပြင် ဒီလိုအမှုမျိုးဟာ ကလေးသူငယ်အခွင့်အရေးဥပဒေပြဌာန်းချက်အညီ ပထမတန်း ရာဇဝတ်အာဏာရ တရားသူကြီးတဦးရဲ့ ခွင့်ပြုချက်နဲ့ ကလေးသူငယ် အထူးတရားရုံးကနေ စစ်ဆေးစီရင်ရမယ့် အမှုမျိုးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

လက်ရှိမှာတော့ မောင်ထက်မြက်အောင်ဟာ ပြည်စစ်ဆေးရုံကုတင် ၁၀၀ မှာပဲ ဆေးဝါးကုသနေပြီး လာမယ့် စက်တင်ဘာလ ၂၆ ရက်မှ ဆေးရုံဆင်းခွင့်ရမယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#သတင်း #ကပစ၃ #ဆိုင်ကယ်ပျောက်ဆုံး #သံသယ #ကျောင်းသား #တပ်အရာရှိ #ရိုက်နှက် #ကလေးသူငယ်အခွင့်အရေး #အထူးဥပဒေ #ချိုးဖောက် #ဗိုလ်ကြီးအာကာဖြိုးဝင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10