တပ်ထွက်ဟန်ဆောင်ကာ စစ်တပ်ကို သတင်းပေးနေသူ ဖမ်းခံရပြီး သေဆုံး

တပ်ထွက်ဟန်ဆောင်ကာ စစ်တပ်ကို သတင်းပေးနေသူ ဖမ်းခံရပြီး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ထွက်အဖြစ် ဟန်ဆောင်ကာ သတင်းထောက်လှမ်းနေတဲ့ တပ်သားတဦး ဖမ်းဆီးစစ်ဆေးနေချိန် ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ဇွန် ၁၂ ရက်မှာ နတ်စစ်သည်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

အဲ့ဒီ စစ်သားဟာ ခမရ ၄၃၁ က အသက် ၃ဝ နှစ်အရွယ် တပ်သားမောင်နိုင်ဖြစ်ပြီး ဖေဖေါ်ဝါရီ ၇ ရက်က တပ်စခန်းတနေရာမှာ စစ်ဆေးနေချိန် လက်နက်လုကာ ခုခံထွက်ပြေးတာလို့ ပြောပါတယ်။ 

သူ့ကို နတ်တလင်းမြို့နယ် လယ်မအင်းရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ ရက်ညက တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့က သတင်းအရဖမ်းခဲ့တာလို့ ဆိုပါတယ်။ 

"ပစ်ခတ်ဖမ်းရင်း ပွဲချင်းပြီး သေသွားတယ်။ သတင်းမခိုင်လုံသေးလို့ အရင်က မဖမ်းဖြစ်ဘူး။ အခုမှ သူနေတဲ့ အိမ်နားကနေ စောင့်ဖမ်းတာ" လို့ နတ်စစ်သည်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

တပ်သားမောင်နိုင်ကို စစ်မေးနေချိန်မှာ အနည်းငယ်ကြောက်လန့်တာကလွဲပြီး စကားပြောရာမှာ တည်ငြိမ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နတ်တလင်းမြို့နယ် နတ်စစ်သည်အဖွဲ့က ပေးပို့တဲ့ ရုပ်သံဖိုင်မှာ ကိုမောင်နိုင်ဟာ တပ်နံပါတ်နဲ့ ကိုယ်ပိုင်နံပါတ်ကို ကောင်းမွန်စွာ ပြောဆိုတာကို တွေ့ရပါတယ်။

ကိုမောင်နိုင်ဟာ နတ်တလင်းမြို့နယ် အရှေ့ဘက်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရောက်ရှိကာ စစ်ကောင်စီတပ်ဆီကို သတင်းပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ကြောင့် ဖမ်းဆီးခံရသူတွေ အများအပြားရှိတယ်လို့လည်း နတ်စစ်သည်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်မှာတော့  ကိုမောင်နိုင်ဟာ ကော့သောင်းမြို့အခြေစိုက် ခမရ ၄၃၁ မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး (ခုခံအားကျဆင်း) ရောဂါဖြင့်  ၂၀၂၁ မေ ၂၇ ရက်မှာ ဆေးဘုတ်(ဆေးပင်စင်)နဲ့ တပ်က ထွက်ထားသူလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇  ရက်ကလည်း နတ်တလင်းမြို့နယ်အရှေ့က ပျူစောထီးအားကောင်းတဲ့ ပျဉ်ပုံရွာကို  ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူ‌ပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၁ ဦးသေကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ - ဖမ်းဆီးရမိသည့် တပ်သားမောင်နိုင်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #စစ်သား #သတင်းပေး #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10