တပ်ဖွဲ့ရပ်တည်ရေး စိန်ခေါ်မှုများလာတဲ့ ဗိုလ်ကျားကြီးအဖွဲ့ (ရုပ်/သံ)

လက်နက်ကိုင်တော်လှန်ရေးရဲ့အစ တူမီးနဲ့ စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်လာခဲ့ကြတဲ့ အဖွဲ့တွေထဲ Bo Tiger ဗိုလ်ကျားကြီးအဖွဲ့လည်း တခုအပါအဝင်ပါ။

စစ်တပ်ကအာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးအစပြုခဲ့ချိန် ဗိုလ်ကျားကြီးလည်း စစ်ကိုင်းတိုင်း တနေရာမှာ သူတယောက်တည်း တကိုယ်တော်လှုပ်ရှားရင်း ၂ လအကြာ သူနဲ့အတူ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ လူငယ် ၁၅ယောက်ကို စုစည်းနိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်က လက်လုပ်တူမီးတလက်ရဖို့ ရှိတာတွေရောင်းချဝယ်ယူခဲ့ရကာ လျှို့ဝှက်လှုပ်ရှားခဲ့ရပြီး Bo Tiger ဗိုလ်ကျားကြီးအဖွဲ့ ရယ်လို့ ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ကျားကြီးအဖွဲ့ တည်ထောင်ခဲ့ပြီး မကြာခင်မှာပဲ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေကို တန်ပြန်တိုက်ခိုက်တာ၊ စစ်စခန်းတွေကို ရရင်ရသလို အလစ်ငိုက် သွားရောက်ပစ်ခတ်တာတွေကို သူတို့အဖွဲ့ တိုးချဲ့လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ 

အဲ့ဒီအပြင် ရပ်ရွာလုံခြုံရေးကိုလည်း တာဝန်ယူပေးနိုင်လို့ ပြည်သူတွေက လှူကြတန်းကြ စားနပ်ရိက္ခာတွေကိုပါ ကူညီထောက်ပံ့တာတွေကိုလည်း ရရှိခဲ့ကြပါတယ်။

လက်နက်မပြည့်စုံခင်ကာလတွေမှာ မိုင်းကိုသာ အားထားခဲ့ရတာကြောင့် ထောက်ပံ့ငွေတွေကို မိုင်းအတွက် ယမ်းတွေဝယ်ယူနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တစထက်တစ အရှိန်ရလာခဲ့တဲ့ ဗိုလ်ကျားကြီးတို့အဖွဲ့ဟာ တပ်ဖွဲ့ဝင် ၁၅ ဦးကနေ အခုဆိုရင် တပ်ဖွဲ့ဝင် ၂၅၀ ကျော်အထိ အင်အားကောင်းလာခဲ့ပါတယ်။ 

တော်လှန်ရေးကာလ ၂ နှစ်ကျော် ၃ နှစ်ဝန်းကျင်အရောက်မှာတော့ ဗိုလ်ကျားကြီးအဖွဲ့ဟာ တိုက်ပွဲကြီး/ငယ်ပေါင်း ၆၀ ဝန်းကျင်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်ကာ တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၅၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တဲ့ ရေရှည်တောင့်ခံရပ်တည်နိုင်ရေးကို ဗိုလ်ကျားကြီးတို့အဖွဲ့ စတင်ရင်ဆိုင်နေရပါပြီ။ 

စားဝတ်နေရေးအခက်အခဲထက် လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရေး အခက်အခဲက ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်ပါတယ်။ တပ်ဖွဲ့အခုလောက်အထိ ရပ်တည်လာနေနိုင်တာဟာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုကြောင့်သာ အခုလိုတောင့်ခံထားနိုင်တာဖြစ်တယ်လို့်ဆိုပါတယ်။

စစ်ကောင်စီနဲ့တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဗိုလ်ကျားကြီးအဖွဲ့က ရဲဘော်တွေ ထိခိုက်ဒဏ်ရာသာရရှိခဲ့ပြီး ကျဆုံးသူမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ၈ လပိုင်း ၃၁ ရက်မှာ ဝက်လက် ပကဖ၊ ပလဖ အဖွဲ့တွေရဲ့ ပစ်ခတ်တာခံရပြီး ရဲဘော်၂ ဦး ကျဆုံးခဲ့သလို ၁ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ဗိုလ်ကျားကြီးတို့အဖွဲ့ကို ရေကြောင်းမှာ ဆက်ကြေးကောက်တယ်ဆိုပြီး ဝက်လက် ပကဖ၊ ပလဖ အဖွဲ့တွေက လာရောက်ပြောဆိုရာက ပြေလည်မှုမရခဲ့ဘဲ ပစ်ခတ်မှုဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပေမယ့်လည်း ၁ နှစ်ကျော်ကြာတဲ့အထိ တစုံတရာ ဖြေရှင်းပေးတာမရှိလို့ အဲ့ဒီဖြစ်ရပ်ကိုလည်း မေ့ဖျောက်လို့ မရဘူးလို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

တပ်ဖွဲ့ရေရှည်ရပ်တည်ရေး အခက်အခဲတွေအပြင် တဖက်မှာလည်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခတွေကိုလည်း ဗိုလ်ကျားကြီးတို့အဖွဲ့က ရင်ဆိုင်နေရပါတယ်။ 

ဒါပေမယ့်လည်း စစ်ကိုင်းဘက်မှာ တူမီးတလက်နဲ့ တော်လှန်ရေးကို အစပြုခဲ့တဲ့ ဗိုလ်ကျားကြီးတို့ အဖွဲ့ဟာ ရှိတာလေးနဲ့ တိုက်ပွဲတွေကို ဆက်ပြီးဖော်ဆောင်နေပါတယ်။

လက်နက်မပြည့်စုံပေမယ့်လည်း တိုက်ပွဲတွေ ရပ်မထားဘဲ အနည်းဆုံး သူတို့မှာရှိတဲ့ လက်ကျန် လက်လုပ်မိုင်းတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်နေတုန်းဖြစ်သလို လက်နက်ကောင်းတွေ မရှိရင်နေပါစေ တူမီးလေးနဲ့ပဲ တော်လှန်ရေးကို အပြီးတိုင် တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားကြတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ရုပ်သံသတင်း #အင်တာဗျူး #ဗိုလ်ကျားကြီး #တပ်ဖွဲ့ရပ်တည်ရေး #အခက်အခဲ #ရိက္ခာ # လက်နက်ခဲယမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10