တပ်ဖွဲ့ရိက္ခာအတွက်စိုက်ပျိုးထားတဲ့စပါးတွေကို Acid တပ်ဖွဲ့ ရိတ်သိမ်း

တပ်ဖွဲ့ရိက္ခာအတွက်စိုက်ပျိုးထားတဲ့စပါးတွေကို Acid တပ်ဖွဲ့ ရိတ်သိမ်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက်ဖြစ်တဲ့ Acid တပ်ဖွဲ့ဟာ စခန်းရိက္ခာအတွက် စိုက်ပျိုုး ထားတဲ့ စပါးတွေကို ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ အပြီးတိုင်ရိတ်သိမ်းခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစပါးတွေကို သြဂုတ်လအစပိုင်းလောက်ကစတင် စိုက်ပျိုးခဲ့တာဖြစ်ပြီး ဒီကနေရရှိလာတဲ့ စပါးတွေကိုရိက္ခာအတွက်တချို့တဝက်ယူပြီး ကျန်တဝက်ကိုတော့ စစ်ရှောင်တွေအတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

“ပြည်သူလူထုကလှူဒါန်းတဲ့ထောက်ပံ့မှုတွေကို ကျနော်တို့ကရိက္ခာအတွက်ကို အဓိကမထားဘူးဗျာ။ စခန်းအတွက်ကို လက်နက်ခဲယမ်းဝယ်ယူဖို့ကို အဓိကထားတယ်။ ရလာတဲ့စပါးတွေကို ရောင်းချပြီး သုံးစွဲခြင်းမရှိပါဘူး၊ စပါးကိုလှောင်ထားပြီး အဖွဲ့တွင်းရိက္ခာနဲ့ စစ်ဘေးရှောင်ပြည်သူအတွက်ပဲ အသုံးပြုပါတယ်။” လို့ Acid အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Acid တပ်ဖွဲ့ရဲ့ရိက္ခာအတွက် စပါးစိုက်ပျိုးတာ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိပြီး ပြီးခဲ့တဲ့နှစ်က ရွာခံတွေရဲ့ လယ်တွေကို ဌားရမ်းကာ စပါးအပြင်အခြားသီးနှံတွေကိုစိုက်ပျိုးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ လယ်တွေကို ဌားရမ်းလို့မရတော့တဲ့အတွက် စပါးတမျိုးတည်းကိုသာ စိုက်ပျိုးခဲ့ရတယ်လို့ ဆိုပါတယ်။

“အရင်နှစ်က ပြည်သူတွေဆီကနေပြီးတော့ မြေကွက်ဌားပြီးတော့ စပါးအပြင် ကြက်သွန်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး အဲ့လိုအပင်လေးတွေပါစိုက်တယ်။ ဒီနှစ်တော့ ပြည်သူတွေကလည်း လယ်ပြန်လုပ်ချင်တယ်ဆိုလို့ ကျနော်တို့တွေ မြေဌားလို့မရတော့လို့ စပါးတမျိုးတည်းစိုက်ပျိုးဖြစ်မယ် လယ်ကွက် ၂ ဧကခွဲပဲ ရှိတော့လေ” လို့ အထက်ပါတာဝန်ခံကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆန်စပါးကိုစစ်ရှောင်တွေအတွက်လှူပြီးတဲ့အပြင် ရိက္ခာအတွက် ၅ လလောက်စာလောက်ဖူလုံခဲ့ပေမယ့် ဒီနှစ်မှာတော့ စပါးကို နေလှန်းတာတွေမလုပ်ရသေးတဲ့အတွက် ဘယ်လောက်ရမယ်ဆိုတာကိုတော့ အတိအကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း Acid ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #Acidတပ်ဖွဲ့ #ရိက္ခာ #စိုက်ပျိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10