တပ်မတော်နေ့ မဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ စတင်ခဲ့တဲ့ ပုဏ္ဏားရွာ

တပ်မတော်နေ့ မဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ စတင်ခဲ့တဲ့ ပုဏ္ဏားရွာ

နွေဦးကာလဆိုပေမယ့် ညသန်းခေါင်ယံရွာချတဲ့မိုးက မစို့မပို့ဆိုသော်လည်း လမ်းရဲ့နဘေးမှာဖုံမထဘဲရှိတယ်။ ပြည် - ကံမ - သရက် - လမ်းတလျှောက်အေးချမ်းငြိမ်သက်လို့ လေနုအေးတွေကိုဖြတ်ကျော်ကာ ခရီးပေါက်ဖို့အပြင်းချီခဲ့ရတယ်။

မနက်စာစားဖို့ ကံမမြို့ လက်ဘက်ရည်ဆိုင်မှာခရီးတထောက်နားခဲ့တယ်။ တချိန်တုန်းကဗိုလ်ချုပ်အောင်ဆန်းက ကံမနယ်သူနယ်သားတွေရဲ့စကား ပြောဆိုသံကိုစိတ်ဝင်စားပြီး၊စကားပြောတာကိုသင်ခဲ့တယ်လို့သိခွင့်ရခဲ့တယ်။


"ဥပမာ ညီလေးဆိုရင် ညီကေး၊ ချိုင့်ဂွက်များတာဆိုရင် ဂွက်ချိုင့်တွေကပေါ၊ စားမယ်ဆိုရင် မစားရင်၊ မသွားရင်" ဆိုတာမျိုးလေးတွေကို အသံဝဲဝဲနဲ့ပြောဆိုလေရဲ့။

ဗိုလ်ချုပ်အောင်ဆန်း ရေချိုးဆင်းတဲ့ ကန်စွန်းမြောင်ကျေးရွာအနီး စမ်းချောင်း၊ ကန်စွန်မြောင်ကျေးရွာ



ပုံစာ - ဖက်ဆစ်ဂျပန်အားတော်လှန်ကြောင်းကို စတင်ကြေညာခဲ့ရာ ပုဏ္ဏားရွာသူကြီး ဦးငွေကိုင်အိမ်နှင့် အထိမ်းအမှတ်ကျောက်တိုင်



ပုံစာ - ဖက်ဆစ်ဂျပန်အားတော်လှန်ကြောင်းကို စတင်ကြေညာခဲ့ရာ ပုဏ္ဏားရွာသူကြီး ဦးငွေကိုင်အိမ်နှင့် အထိမ်းအမှတ်ကျောက်တိုင်

မတ်လ ၂၇ ရက်နေ့ဘာနေ့လဲဆိုတဲ့ အတွေးနဲ့သိချင်ခဲ့တဲ့စိတ်က ခရီးတဝက်ကျိုးလေ အားမလိုအားမရဖြစ်လေ ဖြစ်လေဆိုသလို မိုင်(၄၀)လောက်ရှိမဲ့ ခရီးကမနီးမဝေးနဲ့။

ဗိုလ်ချုပ်အောင်ဆန်းရှိတုန်းက ကျောက်တိုင်စိုက်ထူခဲ့တာ ဗိုလ်ချုပ်တို့ခိုအောင်းနေခဲ့တာ ဆိုတဲ့သတင်းစကားကိုကြားသိကတည်းက ကိုယ်တိုင်ကိုယ်ကျ မြင်ချင်တွေ့ချင်တဲ့ ဆန္ဒပြည့်ဖို့ ရွာအဝင်မှာ သစ်ကိုင်းခြောက်ကောက်နေတဲ့ ခလေးတွေကို ဒီရွာနာမည်ကဘာလဲ မေးတော့ အသံဝဲဝဲနဲ့ ပုဏ္ဏားရွာလို့ ပြန်ဖြေတယ်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာကို လွန်ခဲ့တဲ့ ၈ နှစ် (၂၇.၃.၂၀၁၅) ရက်နေ့ မနက်ခင်းပိုင်းမှာ ကျနော်တို့တွေ ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို သက်ရှိထင်ရှားမြင်တွေ့ခဲ့တဲ့ အသက် ၉၂ နှစ်အရွယ် ပုဏ္ဏားရွာသူ အဖွားဒေါ်စောဝေ (ဓာတ်ပုံ - ၂၀၂၀)


ဖက်ဆစ်ကိုတော်လှန်ပုံကန်ဖို့ ဗိုလ်ချုပ်အောင်ဆန်း သရက်မြို့နယ်၊ ပုဏ္ဏားရွာတွင် နေထိုင်ခဲ့တဲ့ နေအိမ်နေရာ (ယခင်အိမ်အဟောင်းမရှိ) ၂၀၂၀ ခုနှစ်


ဗိုလ်ချုပ်အောင်ဆန်းကို သက်ရှိထင်ရှားမြင်တွေ့ခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် ပုဏ္ဏားရွာသား အဘဦးအောင်သန်း (ဓာတ်ပုံ - ၂၀၂၀)

ရွာထဲဝင်လိုက်ပြီဆိုတာနဲ့ ဟိုဟိုဒီဒီ သွားနေတဲ့လူတွေကရွာခံတွေ ဟုတ်ဟန်မတူ။ ရုတ်စုရုတ်စုနဲ့လူလေးငါးဆယ်လောက်ရှိလိမ့်မယ်။

တွေ့ပါပြီ သူကြီးဦးငွေကိုင်နေထိုင်ရာအိမ် ဆိုတဲ့ဆိုင်းဘုတ်နဲ့ အိမ်ငယ်လေးတလုံး။ နံဘေးမှာသစ်ပင်ပန်းပင်တချို့နဲ့ အပင်တွေကြားမှာ ကျောက်တိုင်တခုကို လူတချို့ အလှည့်ကျအလေးပြုလိုက် ကျောက်တိုင်ကို ပတ်လိုက်နဲ့ တွေ့လိုက်ရတယ်။ ဘာလဲတော့မသိ။

သိပ်မကြာခင်အချိန်မှာဘဲ မျက်ဝါးထင်ထင်တွေ့ထိခွင့်ရခဲ့တဲ့ ကျောက်စာတိုင်တခုပေါ့။ကျောက်စာမှာ ရေးထားတာက "၂၇.၃.၄၅ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဤနေရာမှဖက်ဆစ်ကိုတော်လှန်ကြောင်းစစ်ကြေငြာခဲ့သည်" လို့ရေးသားထားတာတွေ့ရတယ်။

ဖက်ဆစ်တော်လှန်ရေးစတင်ကြေညာခဲ့ရာ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ မြင်ကွင်းများ(၂၀၂၀)



ဗိုလ်ချုပ်အောင်ဆန်းကို သက်ရှိထင်ရှားမြင်တွေ့ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် ပုဏ္ဏားရွာသား အဘဦးထွန်းရှိန် (ဓာတ်ပုံ - ၂၀၂၀)



ဖက်ဆစ်တော်လှန်ရေးစတင်ကြေညာခဲ့ရာ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ မြင်ကွင်းများ(၂၀၂၀)

ကျောက်တိုင်စိုက်ထူရာအောင်မြေနေရာ ကျောက်တိုင် နောက်မှာချောင်းကမ်းပါးယံဘေးဘက်အဝင်ကြည့်လိုက်မိတော့ (ဘယ်နှစ်ခုနှစ်ကပြန်လည် ပြုပြင်သည် ကြံခိုင်ဖွံဖြိုးရေးပါတီ) ဆိုပြီး၊ ဆိုင်ဘုတ်ထောင်ထားလေရဲ့။

စာဖတ်နေရာကနေ အကြည့်လွှဲလိုက်ပြီးတော့ ကျောက်စာတိုင်ကိုဗိုလ်ချုပ်ရဲ့ အငွေ့ အသက်တွေများရှိနေမလား ဆိုတဲ့အတွေးနဲ့ငေးစိုက်ကြည့်နေတဲ့ အချိန်မှာဘဲ၊ ပင်နီတိုက်ပုံဝတ်ဆင်ထားတဲ့လူငါးဦးအနားရောက်လာတယ်။ ပြန်တွေးကြည့်မိတော့ လက်ရှိနွေဦးတော်လှန်ရေးရဲ့ အကြီးပိုင်းနေရာမှာ ပါသူတဦးနဲ့ ပါတီဝင်တချို့ ဖြစ်နေတယ်။

သူတို့ဘေးနားရပ်လျက်ရှိနေတဲ့ကျနော်လည်း သူတို့နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်တဲ့နေ့၊ စတင်တော်လှန်ရာ အောင်မြေနေရာကိုနင်းလို့ မတ်လ ၂၇ ရက်နေ့က အထိမ်းအမှတ်ကျောက်စာတိုင်ကို ဦးညွတ်အလေးပြုခဲ့တယ်။

ဖက်ဆစ်တော်လှန်ရေးစတင်ကြေညာခဲ့ရာ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ မြင်ကွင်းများ(၂၀၂၀)



ဗိုလ်ချုပ်အောင်ဆန်း ရေချိုးဆင်းတဲ့ ကန်စွန်းမြောင်ကျေးရွာအနီး စမ်းချောင်း၊ ကန်စွန်မြောင်ကျေးရွာ



ဗိုလ်ချုပ်အောင်ဆန်း ၃ ရက်တာတည်းခိုခဲ့ရာ သရက်မြို့နယ်၊ ဆင်ကော်အုပ်စု၊ ကန်စွန်းမြောင်ကျေးရွာရှိ ဦးမိုးခ၏ သမီးအဘွားဒေါ်သိန်းဟန်နဲ့ သူ၏နေအိမ်ကို ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရစဉ်

ဒေသခံရွာသူရွာသားတွေရဲ့ပြောဆိုကြတာကတော့ "ဒီကျောက်စာတိုင်ကို စစ်တပ်ကအရာရှိကြီးငယ်တချို့လာပြီး၊ အလေးပြု အောင်မြေနင်းတယ်။ ယုံကြည်လေးစားမှုနဲ့လာကျတယ်။ အဲ့အရာရှိတချို့ဆို ရာထူးဘွဲ့ထူးတွေတိုးတာတွေရှိတယ်လို့ ပြောဆိုနေကြတယ်။ ဆယ်တန်းဖြေဆိုမယ့် ကျောင်းသား/သူ တွေလည်းလာပြီးတော့ အောင်မြေနင်းကြတယ်" လို့ပြောနေတာကိုတော့ ယုံတဝက်မယုံတဝက် နားနဲ့ဆတ်ဆတ်ကြား ခဲ့မိတယ်။

ရွာသားတဦးက လမ်းပြပေးလို့ ဗိုလ်ချုပ်နေထိုင်ရာအိမ်၊ ဗိုလ်ချုပ်ရှိစဉ်သစ်သားနဲ့လုပ်ထားတဲ့ဆီကြိတ်တဲ့ဆုံ ကိုလည်းမြင်တွေ့ခဲ့ရတယ်။ အဲဒီလိုနဲ့ ရွာထဲလမ်းလျှောက်ရင်း သက်ကြီးရွယ်အိုအဘိုးအဘွားတွေနဲ့စကား ပြောခွင့်ရခဲ့တယ်။

အိမ်ပေါက်ဝမှာထိုင်ရင်း ရွာလမ်းမဘက်ငေးကြည့်နေတဲ့ အမေအိုတယောက်၊ တောင်ဝှေးတချောင်းအားပြုရင်း လမ်းလျှောက်နေတဲ့၊ အဘိုးအိုတယောက် အသက်က(၉၀ )ကျော်ဝန်းကျင်လို့ပြောတယ်။ ဗိုလ်ချုပ် ဒီရွာမှာပုန်းခိုနေတဲ့ကာလမှာ သူတို့က (၁၀)နှစ်အရွယ်ပဲရှိသေးတာတဲ့၊ ဒါပေမယ့်ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး အခုထိမှတ်မိနေတုန်းပဲလို့ ဆိုလေရဲ့။

ဗိုလ်ချုပ်ကအပြင်သိပ်မထွက်ဘူး။ မျက်နှာက တည်တည်ကြည်ကြည်နဲ့ ဂျိုင်းပြတ်စွပ်ကျယ်ခပ်နွမ်းနွမ်းကို ဝတ်နေလေ့ရှိတယ်။ ညနေစောင်းဆိုရင် သူ့ရဲ့တပည့်နှစ်ယောက်နဲ့ ဒီလမ်းကနေ လျှိုထဲကချောင်းမှာ ရေချိုးသွားလေ့ရှိတယ်။ ရွာရဲ့ဘေးလမ်းက အခုလိုမဟုတ်ဘူး။ လူနှစ်ရပ်လောက် ကိုင်းတောအပင်တွေပေါက်နေတာလို့ပြောပြတယ်။

ချောင်းကိုကြည့်ချင်တယ်ပြောတော့ ရွာသားတယောက်လိုက်ပို့တယ်။ နေ့လည်ခင်းနေပူတာကိုလည်း သတိမထားမိတော့ဘူး။

ဗိုလ်ချုပ်အောင်ဆန်း ၃ ရက်တာတည်းခိုခဲ့ရာ သရက်မြို့နယ်၊ ဆင်ကော်အုပ်စု၊ ကန်စွန်းမြောင်ကျေးရွာရှိ ဦးမိုးခ၏ သမီးအဘွားဒေါ်သိန်းဟန်နဲ့ သူ၏နေအိမ်ကို ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရစဉ်

တယောက်နဲ့တယောက် တိုင်ပင်ကိုက်စရာပင်မလိုအောင် ခြေလှမ်းတွေက မြေနီကျောက်စရစ်ကုန်းကနေ လျှိုထဲဆင်းတော့ မြေကွက်လပ်တခုတွေ့တယ်။ ရွာခံလူက ဗိုလ်ချုပ်ရဲ့တပည့်တွေဘော်လုံးကန်တဲ့နေရာလို့ပြောတယ်၊ ဟိုအောက်မှာဗိုလ်ချုပ်နဲ့သူ့တပည့်တွေရေချိုးတဲ့ချောင်းပဲ၊ ဗိုလ်ချုပ်ရေချိုးခဲ့လို့ ဗိုလ်ချုပ်စမ်းလို့ အခုထိခေါ်ကျတယ်ဟု ရှင်းပြတယ်။

ရောက်လက်စနဲ့မထူးတော့တာမို့ စမ်းချောင်းရှိတဲ့ သစ်ပင်တွေဖုံးအုပ်ထားသလိုဖြစ်နေတဲ့လျှိုထဲဆင်းလိုက်တာ ကျောက်တုံးကျောက်ဆိုင်တွေကြားမှာ စီးဆင်းနေတဲ့စမ်းချောင်းငယ်လေးတခု ရေတွေများကြည်ပြီး အေးစိမ့်နေတာပဲ၊ အဲ့ဒီစမ်းရေလေးတောင်ရေငတ်နေလို့ လက်ခုပ်နဲ့ရေခပ်သောက်ခဲ့ကြတယ်။

အဲဒီနောက်မှာတော့ ရွာထဲပြန်လာခဲ့ကြတယ်။ ခဏတဖြုတ်နား ရေနွေးကြမ်း၊ ထန်းလျက်ခဲလက်ဘက်သုပ်နဲ့ ကျွေးမွေးဧည့်ခံတာအစာပြေစားရင်း နှုတ်ဆက်စကားဆိုပြီး မြေနီလမ်းအတိုင်းပြန်လာရာလမ်းတလျှောက်။

စစ်တပ်အုပ်ချုပ်စဉ်ကာလတလျှောက်မှာတော့ ဖက်ဆစ်တော်လှန်ရေးလို့ အများပြည်သူကို မသိစေပဲ တပ်မတော်နေ့လို့ပဲ အသိခံခဲ့တယ်။ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မျက်ကွယ်ပြုခဲ့ကြတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့ကို ဖုံးကွယ်ခဲ့သလို တပ်မတော် စစ်တပ်ဆိုတဲ့ ဂုဏ်သိက္ခာတွေကို ဖျောက်လို့ အာဏာရှင်ဆန်စွာပဲ ပြည်သူကို ဖိနှိပ်ရက်စက်ခဲ့ကြတယ်။ အခုတော့ အဆုံးစွန်ဆုံး ရက်စက်မှုတွေကို စစ်တပ်ကပြုလို့ နွေဦးတော်လှန်ရေးအဖြစ် ပြည်သူလူထုတွေက တော်လှန်ကြပြီ။ တော်လှန်မယ်ဆိုတာကို ကြေညာပြီး အဆုံးထိတိုက်ပွဲဝင်နေကြပြီ။

မတ်လ ၂၇ ရက်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖက်ဆစ်ဂျပန်တွေကိုတော်လှန်ဖို့ စတင်ခဲ့တဲ့နေ့ရက်ဖြစ်သလို နွေဦးတော်လှန်ရေးထဲက နေ့တွေပါလားလို့ တွေးမိနေစဉ်အတွေးတွေကိုရပ် တောင်ဆင်းတောင်တက်တွေကိုဖြတ်လို့ ခရီးနှင်ခဲ့ရာ၊ နေမဝင်မှီ သရေခေတ္တရာနယ်မြေကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

စာတည်း-ဝေလင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10