တပ်ရင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားနဲ့ Sniper သင်တန်းဆင်းပွဲပြုလုပ်

တပ်ရင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားနဲ့ Sniper သင်တန်းဆင်းပွဲပြုလုပ်

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်း (Sagaing People Defence Force Battalion 3) တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားနဲ့ Sniper သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၂၅ ရက် ညနေပိုင်းမှာ တဆက်တည်းပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

စနိုက်ဘာသင်တန်းမှာ လူဦးရေ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂ လကျော် ကြာမြင့်ခဲ့သလို သင်တန်းပြီးတဲ့နောက်ပိုင်းမှာလည်း သင်တန်းသားတွေဟာ သက်ဆိုင်ရာဌာနတွေဆီပြန်ပြီး တာဝန်ထမ်းဆောင်သွားကြဖို့ရှိတယ်လို့လည်းသိရပါတယ်။ 

“ရာသီဥတုအခြေအနေအရ ညနေခင်းမှာကျင်းပဖြစ်တာပါ။ အခုနဲ့ဆိုဘယ်နှစ်ကြိမ်မြောက်သင်တန်း ပေးပြီးပြီလဲဆိုတာကိုတော့ ပြောလို့မရဘူး၊ အဓိက လာတက်တဲ့သူတွေကတော့ ကျနော်တို့တပ်ရင်းက မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ မဟာမိတ်ညီနောင်တော်လှန်ရေးအင်အားစုတပ်ရင်းတပ်ဖွဲ့တွေက လာတက် တာပါ ” လို့ Sagaing People Defence Force တပ်ရေးအရာရှိ ရဲဘော်ဆိုဒီယံက ပြောပါတယ်။

Sniper သင်တန်းဆရာ ၂ ဦးက အဓိကသင်ကြားပေးခဲ့တာဖြစ်ပြီး သင်ကြားစဥ်ကာလမှာလည်း ရိက္ခာ၊ ကျည်၊ သင်ထောက်ကူပစ္စည်း စတဲ့အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တပ်ရင်းတည်ထောင်ခြင်းနဲ့ Sniper သင်တန်းဆင်းပွဲကိုလည်း စစ်ရေးအခြေအနေတွေကြောင့် တရက်တည်းပေါင်းလုပ်ခဲ့ရတာလို့ ရဲဘော်ဆိုဒီယံက ပြောပါတယ်။ 

ဒီအခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို အလေးပြုတာ၊ Sniper သင်တန်း သားတွေကို ကျမ်းသစ္စာကျိန်ဆိုခိုင်းတာ၊ တပ်ရင်းရှိရဲဘော်တွေအားလုံးကို သစ္စာရေသောက်ခိုင်းတာ တွေပြုလုပ်ခဲ့ပါတယ်။ 

ဒါ့အပြင် ထူးချွန်သင်တန်းသားတွေနဲ့ တပ်ရင်း ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ အားကစားပြိုင်ပွဲမှ ဆုရရှိသူတွေကိုလည်း ဆုပေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းကို ၂၀၂၁ ခုနှစ်၊ မေ ၂၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ကောင်စီကိုတိုက်ခိုက်ရင်း လက်ရှိအချိန်ထိ ရဲဘော် ၂၃ ဦးကျဆုံးခဲ့တယ်လို့လည်း ရဲဘော်ဆိုဒီယံက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တပ်ရင်းတည်ထောင်ခြင်း၃နှစ်ပြည့် #စနိုက်ဘာသင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10