တပ်ရင်းပိုလျှံငွေနဲ့ တံတားပြန်လည်တည်ဆောက်ပေးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ခရိုင်ချင်းဆက်လမ်းမကြီးပေါ်မှာရှိတဲ့ တံတားကိုပြန်လည်တည်ဆောက်ပြီး မတ် ၂၀ ရက် မနက် ၆ နာရီမှာ ဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းဆီက သိရပါတယ်။

အဲ့ဒီတံတားဟာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးသွားလာရာမှာ အဓိက အသုံးပြုတဲ့တံတားဖြစ်ပြီး စစ်ရေးအခြေအနေအရ ၂၀၂၁ စက်တင်ဘာလလယ်ပိုင်းမှာ မိုင်းခွဲလိုက်ရတာလို့ တပ်ထောက်တာဝန်ခံ နေမျိုး-ပဲခူး ကပြောပါတယ်။ 

အသစ်ပြန်လည်တည်ဆောက်ရာမှာတော့ အလျားပေ ၁၂၀၊ အနံ ၁၄ ပေ ရှိတဲ့ သံကူကွန်ကရစ်တံတားကို ကျပ်သိန်း ၁၀၀ ကျော်ကုန်ကျတည်ဆောက်ခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

တံတားတည်ဆောက်ရာမှာ ပြည်သူတွေဆီကငွေကောက်ခံတာမရှိဘဲ NUG အစိုးရလက်အောက်ခံ MOD ဌာနက တပ်ရင်းကိုထောက်ပံ့တဲ့ အသုံးစားရိတ်ထဲက ပိုလျှံတဲ့ငွေကြေးနဲ့ ပြန်လည်တည်ဆောက်ခဲ့တာ လို့သိရပါတယ်။

အဲ့ဒီခရိုင်ချင်းဆက်တံတားကို ၂ လအကြာပြင်ဆင်တည်ဆောက်ခဲ့ပြီး ဖွင့်ပွဲနေ့မှာတော့သံဃာတော်များပင့်ဖိတ်ကာ ဆွမ်းကပ်တရားနာ ရေစက်ချခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင်အတွင်း ခရိုင်ချင်းဆက်တံတားကို ကျေးရွာစုစုပေါင်း ၁၀၀ ကျော်က ပြည်သူတွေ နေ့စဥ်သွားလာ အသုံးပြုနေရတာဖြစ်ပြီး တံတားမပြင်ဆင်ရသေးချိန်မှာ ပြည်သူလူထုသွားလာရတာခက်ခဲနေကြရတဲ့အတွက် အသစ်တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေဟာ တောင်သူလုပ်ငန်းဖြစ်တဲ့ စပါး၊ ပဲတီစိမ်း၊ နှမ်း၊ ကုလားပဲသီးနှံတွေ စိုက်ပျိုးလုပ်ကိုင်နေကြပြီး တံတားတည်ဆောက်ပြီးတဲ့အတွက် သွားလာရတာ အဆင်ပြေနေကြပြီလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #တံတားဆောက် #တပ်ရင်းပိုလျှံငွေ #ကျပ်သိန်း၁၀၀ကျော် #ရွှေဘိုခရိုင်အမှတ်၁၈တပ်ရင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10