တပ်ရင်းလိုက်လက်နက်ချမှုတွေရှိနေချိန် "တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ကြဖို့" စစ်ခေါင်းဆောင် တိုက်တွန်း

တပ်ရင်းလိုက်လက်နက်ချမှုတွေရှိနေချိန် "တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ကြဖို့" စစ်ခေါင်းဆောင် တိုက်တွန်း

စစ်ကောင်စီတပ်အတွင်း တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာတည်ဆောက်ကြဖို့ အထူးအလေးအနက်ထားမှာကြားလိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၈ ရက် ဒီကနေ့မနက်ပိုင်းမှာပြုလုပ်တဲ့ ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် ၆၅ သင်တန်းဆင်းပွဲမိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

၎င်းတို့စစ်ကောင်စီတပ်ကို အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမှုကွန်ယက်တွေကနေတဆင့် ဂုဏ်သိက္ခာကျဆင်းစေဖို့၊ တပ်တွင်းစည်းလုံးညီညွတ်ရေးပြိုကွဲစေဖို့နဲ့ တပ်အင်အားချိနဲ့အောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၂၁ ရာစုခေတ်သစ်စစ်ပွဲတွေဟာ အကန့်အသတ်အတားအဆီးမဲ့ပုံစံနဲ့ အရပ်မျက်နှာအမျိုးမျိုး နယ်မြေအမျိုးမျိုးကနေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်တိုက်ခိုက်လာနေတာဖြစ်ပြီး နည်းပညာတွေနဲ့ လိုက်လျောညီထွေပြောင်းလဲနေတဲ့ စစ်မဟာဗျူဟာတွေ စစ်နည်းဗျူဟာတွေကိုလည်း လေ့လာကြဖို့လည်း ပြောဆိုပါတယ်။

လက်ရှိမှာ ရှမ်းမြောက်ဒေသ၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကယား၊ ကရင်၊ ပဲခူး စတဲ့ဒေသနေရာအများအပြား အပါအဝင် နိုင်ငံအနှံ့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနေသလို အရှင်ဖမ်းဆီးရမိတာနဲ့ လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေ များပြားနေတာပါ။

နိုဝင်ဘာလအတွင်းမှာပဲ ရှမ်းမြောက်ဒေသနဲ့ ပဲခူးတိုင်း၊ မုန်းဒေသ၊ ရခိုင်ပြည်နယ်တွေက စစ်ကောင်စီ ခြေလျင်/ခြေမြန် တပ်ရင်း ၂ ခုထက်မနည်းနဲ့ ရဲစခန်းတွေမှာ တပ်ရင်းလိုက်လက်နက်ချပြီး တပ်မိသားစုဝင်တွေပါ တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင်ရောက်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေတဲ့ ပြင်ဦးလွင်မြို့နဲ့အနီး နောင်ချို၊ မတ္တရာ စတဲ့မြို့နယ်တွေ မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပြင်ဦးလွင်မြို့ တွင်း၊မြို့ပြင်နဲ့ အဝင်၊အထွက်နေရာအားလုံးမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုံစာ - ယနေ့မနက်ပိုင်းက ပြုလုပ်တဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားစဉ်။

#မြေလတ်အသံ

#ပြင်ဦးလွင် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #တိုက်တွန်းပြောကြား #တပ်တွင်းစည်းလုံးညီညွတ်မှု #ဗိုလ်သင်တန်း #ကျောင်းဆင်းပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10