တပ်ရိက္ခာကားကို မိုင်းဆွဲဖို့လာချိန် စစ်တပ်ကင်းပုန်းနဲ့ ပစ်ခတ်မှုဖြစ်လို့ PDF ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

တပ်ရိက္ခာကားကို မိုင်းဆွဲဖို့လာချိန် စစ်တပ်ကင်းပုန်းနဲ့ ပစ်ခတ်မှုဖြစ်လို့ PDF ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ကန်နီ - မြိုင်လမ်းပိုင်းရှိ ဒေသအခေါ် တဝက်ကုက္ကိုအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး PDF တွေဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန်လ ၂၀ ရက် မနေ့ကနေ့လယ် ၁၂ နာရီခွဲလောက်မှာ ပျူစောထီးရွာဖြစ်တဲ့ ကန်နီရွာကနေ မြိုင်မြို့ပေါ် မှာ ရိက္ခာသယ်ဖို့ထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို မိုင်းဆွဲဖို့ထွက်လာချိန် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ အချိန် ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကား ၃ စီးက မြိုင်ကိုအသွားမှာ မိုင်းတခါမိတယ်။ ပြန်လာမယ့်အခေါက်မှာ မိုင်းထပ်ထောင်ပြီး အမိအရဖြတ်မယ်ဆိုပြီး လမ်းမကြီးဆီကို တဖြည်းဖြည်းကပ်ရင်းကနေ ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ” လို့  ပခုက္ကူခရိုင်တပ်ရင်း ၁၇ ဒု - တပ်ရင်းမှူး ကိုဘီလုံးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၄၀ မမ ဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့လို့ ပူးပေါင်းအဖွဲ့က PDF ၁ ဦး သေဆုံးခဲ့ပြီး ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ ဒုတပ်ရင်းမှူး ကိုဘီလုံးအပါအဝင် ၂ ဦး ပူးပေါင်း Local အဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိတယ်လို့ PDF တွေဘက်က ပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

လက်နက်အင်အားမမျှတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာချိန်မှာလည်း စစ်ကောင်စီဘက်က ၆၀ မမ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး၊ ဒဏ်ရာရတဲ့ ရဲဘော် ၅ ဦးအနေနဲ့ အသက်အန္တရာယ်စိုးရိမ်စရာမရှိပဲ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို ပခုက္ကူခရိုင်တပ်ရင်း (၂)၊ မြိုင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြေလတ်ဒေသပြောက်ကျားအဖွဲ့ − MRG တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

 ပုံစာ - ထိခိုက်ဒဏ်ရာရတဲ့ PDF ရဲဘော်တွေကို ဆေးကုသမှုပေးနေစဉ်။

စာတည်း − ရင်ငြိမ်း

 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီတပ် #ရိက္ခာကား #မိုင်းဆွဲမှု #ထိတွေ့တိုက်ပွဲ #PDF #သေဆုံးမှု #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10