တပွင်ရွာရဲစခန်းကို PDF တွေကစီးနင်းမီးရှို့၊ စေတုတ္တရာနယ်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံရာနဲ့ချီနေရာပြောင်းရွှေ့

တပွင်ရွာရဲစခန်းကို PDF တွေကစီးနင်းမီးရှို့၊ စေတုတ္တရာနယ်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံရာနဲ့ချီနေရာပြောင်းရွှေ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ တပွင်ရွာရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က  စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG  ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၀ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်အခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅နဲ့ စေတုတ္တရာမြို့နယ်အခြေစိုက် ကပစ ၂၀ တပ်တို့ ပူးပေါင်းကာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ အဲ့ဒီရဲကင်းစခန်းကို   ဇွန်လ ၁၅ ရက် ညနေ ၆ နာရီခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက်  စခန်းမှာကျန်ရှိခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင်  ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ စခန်းအတွင်းရှိ ဆိုင်ကယ်တစီးနဲ့ ရိက္ခာအနည်းငယ်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကာ ရဲကင်းစခန်းကိုတော့ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF  မင်းဘူးခရိုင်တပ်ရင်း ၃ က  တိုက်ခိုက်ခဲ့တာလို့လည်း NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီလိုတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် စေတုတ္တရာနယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေလို့ ရွာတချို့ကဒေသခံတွေ နေရာပြောင်းရွှေ့တာ နေထိုင်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့တွက်ပြီး စေတုတ္တရာနယ်အထက်ပိုင်းကရွာတချို့ စေတုတ္တရာမြို့ပေါ်နဲ့ မြို့နားက ညောင်အိုင်ရွာဘက်ကို ကြိုပြီးစစ်ရှောင်လာတာတွေရှိတယ်။ စစ်ရေးတင်းမာနေတဲ့သဘောပေါ့။ တချို့လည်းအိမ်ငှားနေကြ။ တချို့လည်း အမျိုးတွေဆီကပ်နေကြပေါ့” လို့ စေတုတ္တရာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စေတုတ္တရာမြို့နယ်အတွင်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ တပွင်ရွာအပါအဝင် ဘူးရွာ၊ အောင်းရွာစတဲ့ ရွာတွေက ဒေသခံ ၄၀၀ ခန့် နေရာပြောင်းရွှေ့နေထိုင်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း စေတုတ္တရာမြို့နယ်၊ မဏ္ဍကိုင်းရွာအနီးမှာ ဆိုင်ကယ်နဲ့ကင်းပတ်နေ တဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ကပစ ၂၀ က တပ်ကြပ်ကြီး ၂ ဦးအပါ ၃ ဦးသေဆုံးခဲ့ကာ MA 1 တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရင်ငြိမ်း ၊ စာတည်း − ရင်ငြိမ်း

 

#မြေလတ်အသံ

#မကွေး #စေတုတ္တရာ #ရဲကင်းစခန်း #စီးနင်းတိုက်ခိုက် #မီးရှို့ခံရ #PDF #NUG #MOD

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10