တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရပြီးတဲ့နောက် မြို့ခံတွေဆက်တိုက်ဖမ်းဆီးခံနေရ    ■မီးသပိတ်လုပ်တဲ့ အမျိုးသမီးနဲ့ Tik Tok ကနေစစ်မှုထမ်းကိစ္စဝေဖန်သူတို့လည်းဖမ်းခံရ

တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရပြီးတဲ့နောက် မြို့ခံတွေဆက်တိုက်ဖမ်းဆီးခံနေရ ■မီးသပိတ်လုပ်တဲ့ အမျိုးသမီးနဲ့ Tik Tok ကနေစစ်မှုထမ်းကိစ္စဝေဖန်သူတို့လည်းဖမ်းခံရ

 

တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်တပ်ကို တရုတ်ကဖိအားပေးနေစဥ် မန္တလေးမြို့ခံတွေ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် ခေါင်မိုးပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးနေရာဟာ ၇၃ လမ်း၊ မင်္ဂလာမန္တလေးအိမ်ရာရဲ့မြောက်ဘက်မှာရှိပြီး ၂၀၂၁ ကတည်းက လမ်းတခြမ်းပိတ်ထားတဲ့နေရာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေးပတ်လည်မှာလည်း လူနေရပ်ကွက်သဘောမျိုးမဟုတ်ဘဲ လုံးချင်းအိမ်ယာကိုခြံအကျယ်နဲ့ လုံခြုံရေးချထားတဲ့နေရာဖြစ်ကာ ပြင်ပလူဝင်ရောက်တိုက်ခိုက်ဖို့ ခက်ခဲတဲ့နေရာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ဒါပေမယ့် ဒီလိုပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အောက်တိုဘာ ၂၀ ရက်ညမှာ မန္တလေးမြို့၊ ကမ်းနားလမ်း၊ ဧရာထွန်းတိုက်ခန်းမှာ အမျိုးသား ၁ ဦးကို စစ်တပ်က မနက် ၄ နာရီမှာရိုက်နှက်ဖမ်းဆီးသွားပါတယ်။ အောက်တိုဘာ ၂၁ ရက် ညနေမှာလည်း အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း၊ ကမ်းနားလမ်းအနီးက အသက်၃၀အရွယ်အမျိုးသမီး ၂ ဦးထပ်မံဖမ်းဆီးခံခဲ့ ရပါတယ်။

"ဧရာထွန်းတိုက်ခန်းမှာ အဆောင် ၂ မှာနေတဲ့လူ။ တော်တော်လေးရိုက်နှက်သွားတာပဲ။ အော်သံတွေကြားရပေမယ့်ထွက်မကြည့်ရဲလို့ မကြည့်လိုက်ရဘူး "လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

အခုဖမ်းဆီးခံရသူတွေဟာ ဘာအတွက်ကြောင့်ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေးဘဲ သီတင်းကျွတ်လပြည့်မှာ မီးသပိတ်လုပ်တဲ့ အမျိုးသမီး ၁ ဦးနဲ့၊ Tik Tok ကနေစစ်မှုထမ်းကိစ္စဝေဖန်တယ်ဆိုပြီး အမျိုးသား ၁ ဦးလည်း မနေ့က ဖမ်းဆီးခံထားရပါတယ်။

စစ်တပ်က မန္တလေးမှာ အခုလိုဖမ်းဆီးမှုတွေလုပ်နေတဲ့အပြင် မြို့တွင်းစစ်ဆေးမှုတွေ ပြန်လည်တင်းကြပ်ထားပါတယ်။

ပုံစာ - မီးသပိတ်လုပ်သည့်အမျိုးသမီးနှင့် Tik Tok မှာ စစ်မှုထမ်းကိစ္စဝေဖန်သည့်အမျိုးသားတို့အား စစ်တပ်က ဖမ်းဆီးထားစဉ်။

#မြေလတ်အသံ

#မန္တလေး #တရုတ်ကောင်စစ်ဝန်ရုံး #အရပ်သား #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10