သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက နိုဝင်ဘာ ၆ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးရွာက အသက် ၄၀ နှစ်ကျော်အရွယ် ကိုကျော်မင်းထွန်း (ခ) ဖိုးနီကို နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီလောက်က ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ က ကံကလေးရွာနဲ့ ဘန့်မွေးပြန်ရွာကြားကနေ စောင့်ကြိုပစ်သတ်ခဲ့တာ လို့ ဆိုပါတယ်။
"ခေါင်းကို ၁ ချက်တည်း ပစ်ခဲ့တာပါ။ နေရာမှာ တခါတည်းသေသွားတယ်။ ဒီကောင်က ပေါက်ခေါင်းရဲစခန်းကနေ ပြန်လာတာကို သတင်းရလို့ စောင့်ပြီးပစ်ခတ်ခဲ့တာ။"လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်အပြီး ခဏအကြာမှာပဲ ကိုဖိုးနီအလောင်းကို ပေါက်ခေါင်းမြို့က စစ်အုပ်စုဝင်တွေက လာသယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။
ဖိုးနီဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းရာမှာပါဝင်တဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောက်ပို့တပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်သူတွေကို ပေါင်းတလည် ရဲစခန်းကို ၃ ကြိမ်ထက်မနည်း တိုင်ကြားတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း PDF နဲ့အဆက်အသွယ်ရှိတယ်ဆိုကာ ဓားနဲ့ ဝင်ရောက်ထိုးခဲ့သူဖြစ်ပြီး ကျေးရွာနေပြည်သူတွေကိုလည်း စိန်ခေါ် ကာ တရွာလုံးကိုမီးရှို့ ပြာချပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေသူလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင်စစ်ကောင်စီရဲ့ထောက်တိုင်တွေဖြစ်တဲ့ စစ်သား၊ ရဲ၊ ထွေအုပ်စာရေးတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတပ်ဖွဲ့ဝင်တွေ၊ သတင်းပေးလမ်းပြတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်တိမ်းသွားလာဖို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါသေးတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၅ ရက် ည ၇ နာရီလောက်ကလည်း ပဲခူးတိုင်းနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ဝင်းဘရားသားရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမင်းသွင်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ က သေနတ်နဲ့ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။
ပုံစာ - သေနတ်နဲ့ပစ်သတ်ခံရသည့် ကိုဖိုးနီအလောင်းအား တွေ့ရစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါက်ခေါင်း #စစ်တပ်သတင်းပေး #ပစ်သတ်
Share Share Share