တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ပြန်ပြီးပစ်ခတ်လို့ ဒေသခံတဦး သေဆုံး

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ပြန်ပြီးပစ်ခတ်လို့ ဒေသခံတဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်ပြီးပစ်ခတ်တာကြောင့် ဒေသခံအမျိုးသားတဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး၊ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁ က သတင်းထုတ်ပြန်ထားပါတယ်။

စစ်သား ၅ ဦးလောက်က ပေါက်မြို့နယ်၊ ဖလံကုန်းရွာက ရေစည်တင်နွားလှည်းကို အဓမ္မယူကာ ရေခပ်နေချိန် မတ်လ ၇ ရက်မနက် ၁၀ နာရီခွဲလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှ စစ်သားတွေဘက်က ပြန်လည်ပစ်ခတ်ရာမှာ ဒေသခံအမျိုးသား ၂ ဦးကို ထိမှန်ခဲ့ပြီး တဦးကတော့ နေရာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။


“စခတွေက ၂ နာရီ ၅၀ မိနစ်လောက်မှာ ထန်းပေါက်ကုန်းရွာဘက်ကို ရမ်းသမ်းပစ်ခတ်လို့ မန်ကျည်းသီးကောက်နေတဲ့ အသက် ၄၂ နှစ်အရွယ် ပြည်သူတဦးနဲ့ အသက်၂၀ အရွယ် တဦး စုစုပေါင်း ၂ ဦး ထိခိုက်ပြီး၊ အသက် ၄၂ နှစ်အရွယ် တဦးက ပုဆိုးထဲလက်နက်ကြီးအဆံတွေ ကျရောက်ပေါက်ကွဲလို့ နေရာတင်မှာပဲ သေးဆုံးသွားတယ်” လို့ ပြောပါတယ်။

နှစ်ဦးစလုံးဟာ ထန်းပေါက်ကုန်းကျေးရွာက ဖြစ်ပြီး၊ သူတို့ကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၊ ပေါက် ပကဖနဲ့ လူသားချင်းစာနာတဲ့အဖွဲ့တွေက တတ်နိုင်သလောက် ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦး သေဆုံးခဲ့ပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီစစ်သားတွေဟာ မြိုင်မြို့နယ်၊ ဖလံကုန်းရေနံမြေထဲမှာ စခန်းချတပ်စွဲနေတာ တနှစ်ခွဲခန့်ရှိပြီဖြစ်ကာ တမခ ၁၀၁ နဲ့ ခလရ ၂၅၈ တပ်ရင်းတွေက ဖြစ်နိုင်တယ်လို့လည်း ကာကွယ်ရေးရဲဘော်တွေက ခန့်မှန်းထားပါတယ်။

မြိုင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်မနက်ကလည်း မြိုင်မြို့ပေါ်ကို စျေးဝယ်လာတဲ့စစ်အုပ်စုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ညောင်ပင်ရွာအနီးမှာ တိုက်ခိုက်လို့ စစ်သားထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10