တိုက်ခိုက်ခံရတဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာထွက်ပြေးသွား (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်အတွင်းရှိ၊ မာလဲတောကျေးရွာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Phoenix Sagaing SGG အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစခန်းကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့ဝင်တွေက ၂ နှစ်ကျော်တပ်စွဲထားတာဖြစ်ပြီး ရွာဘေးပတ်လည်မှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်း၊ ဘန်ကာတွေ အခိုင်အမာပြုလုပ် စခန်းချထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

မာလဲတော ပျူစောထီးစခန်းကို ရှင်းလင်းရာမှာ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ တပ်မ ၃၃ တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ စစ်ဦးထုပ် ၃ လုံးသာ ကျန်ရှိပြီး စခန်းကိုကြိုတင်စွန့်ခွာသွားတဲ့အတွက် လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရတာ မရှိခဲ့ဘူးလို့ သူက Phoenix Sagaing SGG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နောင်ကြီးက ပြောပါတယ်။

ယခင်ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဲ့ဒီပျူစခန်းကို တိုက်ခိုက်တာ၊ ရွာကိုဝင်လာတဲ့ စစ်တပ်လမ်းကြောင်းကို ပိတ်ဆို့မိုင်းဆွဲတာ ဒရုန်းတွေနဲ့ဗုံးကြဲတာတွေလည်း မကြာခဏ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီလို တိုက်ခိုက်ရာမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး အလောင်းတွေ မကောက်တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ပျူစခန်း ရှင်းလင်းရာမှာ  Phoneix Sagaing SGG အဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerilla Force ၊ Fight For Federal ၊ Young Wolf  နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့ #ပျူရွာစခန်း #စွန့်ခွာထွက်ပြေး #လက်နက်ခဲယမ်း #ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ #မီးရှို့ဖျက်ဆီး # မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10