တိုက်ပွဲနားချိန်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေ ကူညီလုပ်ပေးနေတဲ့ YPDF တပ်ဖွဲ့

တိုက်ပွဲနားချိန်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေ ကူညီလုပ်ပေးနေတဲ့ YPDF တပ်ဖွဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေက တိုက်ပွဲနားနေချိန်တွေမှာလည်း ဒေသခံပြည်သူလူထု အကျိုးပြုအလုပ်တွေ လုပ်ကိုင်ကူညီပေးနေတယ်လို့ YPDF -Yaw People Defence Force ထံက သိရပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်း အခြေစိုက် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်ကူညီရေး၊ လမ်းတံတား တည်ဆောက်ရေး၊ စိုက်ပျိုးရေးနဲ့ ဒေသကာကွယ်ရေးတွေကို တတ်နိုင်တဲ့ဘက်ကနေပြီး ဒေသခံပြည်သူလူထုနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

" ပြည်သူမှပြည်သူသို့ ဆိုတဲ့အတိုင်း ကူညီရတာပါ။ တော်လှန်ရေးမှာ ပြည်သူတရပ်လုံး ပါဝင်မှ အောင်နိုင်မယ်။ တိုက်ပွဲဝင်ရင်းနဲ့ ပြည်သူကိုလည်း စည်းရုံးရင်း နိုင်သမျှကူညီပေးဖြစ်ပါတယ် " လို့ YPDF တာဝန်ခံ ကိုတာရာက မြေလတ်အသံကို ပြောပါတယ်။

မိုးတွင်းကာလမှာ ပြည်သူတွေသွားလာရတာ ခက်ခဲနေတဲ့လမ်းပိုင်းတွေကို YPDF ကဦးဆောင်ပြီး လမ်းကျဥ်းတဲ့နေရာ ချဲ့ပေးတာ၊ ချောင်းမြောင်းတွေ ပြုပြင်ရာမှာလည်း လမ်းပြင်စက်ကြီးနဲ့ ကျပ်သိန်း ၃၀ ကျော် အကုန်ကျခံကာ ကူညီပြင်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"မိုးက နေ့ရောညပါ ရွာနေတယ်။ ချောင်းကူးတံတားတွေမြုပ်လို့ ဆိုင်ကယ်တွေထမ်းပို့ပေးနေတာပါ" လို့ ကိုတာရာက ပြောပါတယ်။

တပ်ဖွဲ့နဲ့နီးတဲ့နေရာက တောင်သူတွေ စပါး၊ နှမ်း စိုက်ပျိုးရိတ်သိမ်းချိန်တွေမှာ ကူညီလုပ်ကိုင်ဖြစ်သလို၊ တပ်ဖွဲ့ရိက္ခာအတွက် သီးနှံတွေစိုက်ပျိုးထားပြီး၊ စစ်ရှောင်တွေထံ သီးနှံတွေကိုလည်း တတ်အားသမျှ ကူညီပေးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် YPDF တပ်ဖွဲ့က စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို အခါအားလျော်စွာ ကျန်းမာရေး စောင့်ရှောက်ပေးတာ၊ စစ်ရှောင်တွေကို ဆန်၊ ဆီရိက္ခာထောက်ပံ့ပေးနေပြီး၊ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတချို့ကိုလည်း စာရေးကရိယာတွေ လှူဒါန်းပေးတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်မှာ ရဲဘော်တွေက စစ်မြေပြင်သင်တန်းတွေ တက်ရောက်ခဲ့ပြီး၊ မေလအစောပိုင်းမှာ လက်လုပ်မိုင်းတွေ စတင်ထုတ်လုပ်ကာ စစ်ကောင်စီကို တော်လှန်ခဲ့တယ်လို့ သိရပါတယ်။

YPDF တပ်ဖွဲ့ရပ်တည်ခဲ့တဲ့ ၂ နှစ်ကျော်ကာလမှာ ပြည်သူလူထုရဲ့ ထောက်ပံ့ကူညီမှုနဲ့ ရပ်တည်နေရတာ ဖြစ်သလို၊ ပြည်သူတွေနဲ့ တွေ့ဆုံပြီး တပ်ဖွဲ့ရဲ့မူဝါဒတွေ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သဘောတရားတွေနဲ့ နိုင်ငံရေးအခြေအနေကိုလည်း တွေ့ဆုံရှင်းပြဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လူထုအကျိုးပြု #လမ်းတံတားပြုပြင် #YPDF #မကွေးတိုင်း #ဂန့်ဂေါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10