တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာလမ်းတွေပေါ် စစ်ကောင်စီတပ်ဖွဲ့တွေက နင်းမိုင်းတွေထောင်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာထဲမှာ တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေက ရွာလမ်းတွေပေါ်မှာ နင်းမိုင်းတွေ ထောင်သွားခဲ့တယ်လို့ Civil Armed Force - CAF တပ်ဖွဲ့ဆီက သိရပါတယ်။

ဝါးရငယ်ရွာနဲ့ ခင်နုဆည်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ဇွန် ၁၁ ရက် မနေ့ မနက်အစောပိုင်းလောက်မှထွက်လာပြီး ၁ မိုင်ကျော်ဝေးတဲ့ ကျွန်းတောကုန်းရွာထဲကို မနက် ၉ နာရီခန့်ကဝင်လာပြီး ရွာဓမ္မာရုံမှာနားနေစဉ် ကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးတလုံးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၅ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျွန်းတောကုန်းရွာ ပတ်ပတ်လည်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဒရုန်းဗုံးသီးတွေနဲ့လည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ညနေပိုင်းလောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ကျွန်းတောကုန်းရွာထဲကနေ ပြန်လည်မထွက်ခွာခင် ဒေသခံတွေရဲ့ နေအိမ်တွေပေါ်မှာ စပါးအိတ်တွေနဲ့ ဘန်ကာတွေ တည်ဆောက်ထားသလို နင်းမိုင်းတွေကိုလည်း ခင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေကို များသောအားဖြင့် ရွာဝင်လမ်း၊ ထွက်လမ်းတလျှောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်နိုင်မယ်ထင်တဲ့ နေရာတွေမှာ ခင်းထားတတ်သလို အများပြည်သူတွေ သွားလာတဲ့လမ်းဘေးတွေကိုလည်း ခင်းတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေကို ထောင်ပြီးတဲ့နောက် အင်ကုက္ကားကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #ကျွန်းတောကုန်း #စစ်တပ် #နင်းမိုင်း #စစ်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10