တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်လို့ စေတီနဲ့ဘုန်းကြီးကျောင်းဆောင်တချို့ ပျက်စီး

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်လို့ စေတီနဲ့ဘုန်းကြီးကျောင်းဆောင်တချို့ ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာရှိ စွမ်းရည်ထက်ဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ဘာသာရေးအဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တပ်စွဲထားတဲ့ဆီဆိုင်ကနေ မုံရွာတောင်နယ်ကျေးရွာဘက်ကို မေလ ၁၇ ရက် ည ၈ နာရီဝန်းကျင်မှာ ၆၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရွာဘုန်းကြီးကျောင်းမှာရှိတဲ့ ကျောင်းဆောင်နဲ့ ဘုရားစေတီတချို့ထိမှန် ပျက်စီးသွားတာလို့ မုံရွာဒေသခံတဦးက ပြောပါတယ်။


“သူတို့(စကစ)နေရာနဲ့ မုံရွာတောင်နယ်ရွာက ၁ မိုင်ကျော်လောက်ပဲရှိတယ်။ အရင်ကလည်း အခုလို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်တယ် ထိခိုက်တာတွေတော့မရှိခဲ့ဘူး။ ဒီတခါမှ ၂ လုံးပစ်တာ ဘုန်းကြီး ကျောင်းကိုထိသွားတယ်။ လူတော့မထိဘူး။ သူတို့က စိတ်မကြည်ရင်မကြည်သလိုပစ်တာ” လို့ မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ စွမ်းရည်ထက်ဆီဆိုင်နဲ့အနီးတဝိုက်က ကျေးရွာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ရတာမျိုးမရှိသေးပေမဲ့လည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေလို့ ညဘက်တွေမှာ သတိထားအိပ်စက်နေရကာ စစ်ကြောင်းထိုးဝင်ရောက်လာနိုင်တဲ့အတွက်လည်းအသင့်အနေအထားပြင်ဆင်ထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကလည်း အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာမြို့နယ်ထဲက ထနောင်းတောတောင်ရွာကို ဝင်ရောက်လာပြီး နေအိမ်အလုံး ၆၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ထွက်မပြေးနိုင်တဲ့ အသက် ၇၀ အရွယ်အဘွားတဦးလည်း မီး လောင်သေဆုံးသွားခဲ့သေးတယ်လို့သိရပါတယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ
#မုံရွာ #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ်မှု #ဘုန်းကြီးကျောင်း #ထိမှန်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10