တိုက်ပွဲအတွင်း ပျူရွာမှာ မနေချင်တော့တဲ့သူတွေအပါအဝင် ပိတ်မိနေတဲ့ ပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီနဲ့ပျူတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရွာခံပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

သရက်ကန်ကျေးရွာဟာ အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ ပျူစောထီးအင်အားတောင့်တင်းတဲ့ ကျေးရွာဖြစ်ပြီး ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေအပါအဝင် စုစုပေါင်းအင်အား ၁၀၀ ခန့် တပ်စွဲနေထိုင်‌နေတာလို့ ဆိုပါတယ်။

သရက်ကန်ကျေးရွာကို စက်တင်ဘာ ၂၀ ရက်မှာတကြိမ် ၂၆ ရက်မှာ တကြိမ် သွားရောက်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေကာ RPG အဖူး ၃ ဖူး၊ G3 ကျည် ၂၇ တောင့်၊ ၅.၅၆ ကျည် ၉ တောင့်နဲ့ G3ကျည်ဘောက် ၁ ခုကို သိမ်းဆည်းခဲ့နိုင်ခဲ့ပြီး ရွာကိုတော့ သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘူးလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် သရက်ကန်ရွာကို စတင်တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ သရက်ကန်ကျေးရွာက ပြည်သူ ၃၃ ဦးနဲ့ စက်တင်ဘာ ၂၆ ရက်မှာ ၁၃ ဦး စုစုပေါင်း ၄၆ ဦးတို့ကို တိုက်ပွဲအတွင်းကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီရွာသား ၄၆ ဦးအနက် ရွာသားတချို့ဟာ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ အတွက်ကယ်ထုတ်လာခဲ့ရတာဖြစ်ပြီး တချို့ကတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်ဆက်သွယ်ထားကြတာလို့လည်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ သရက်ကန်ရွာက လွတ်မြောက်လာတဲ့ ပြည်သူ ၄၆ ဦးကို မြိုင်နယ်အတွင်းမှာပဲကျွေးမွေးစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။

သရက်ကန်ရွာကိုတိုက်ခိုက်မှုမှာတော့ အညာမြေတပ်ပေါင်းစုနဲ့အတူ ဒေသခံမဟာမိတ်တပ်ဖွဲ့ ၁၇ ဖွဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အညာမြေတပ်ပေါင်းစုနဲ့ ဒေသခံမဟာမိတ်တပ်ဖွဲ့တွေဟာ သရက်ကန်ရွာကို တိုက်ခိုက်တော့မယ်လို့ စက်တင်ဘာ ၆ ရက်မှာ ကြေညာခဲ့ပြီးတဲ့နောက် အခုလို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ပျူရွာ #တိုက်ပွဲ #PDF #မြေလတ်ရုပ်သံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10