တူမီးသေနတ်နဲ့စခဲ့တဲ့ တောင်ညိုနဂါးတပ်ဖွဲ့  လက်နက်ကြီး/ငယ်တွေ ထုတ်လုပ်တိုက်ခိုက်နိုင်ပြီ (ရုပ်/သံ)

တူမီးသေနတ်နဲ့စခဲ့တဲ့ တောင်ညိုနဂါးတပ်ဖွဲ့  လက်နက်ကြီး/ငယ်တွေ ထုတ်လုပ်တိုက်ခိုက်နိုင်ပြီ (ရုပ်/သံ)

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် တောင်ညိုနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ အောင်မြင်စွာထုတ်လုပ်နိုင်ပြီး အသုံးပြုတိုက်ပွဲဝင်နေပြီလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားအများစုပါဝင်တဲ့ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၇ ဦးတို့နဲ့  တောင်ညိုနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တာပါ။

တပ်ဖွဲ့စတင်ဖွဲ့စည်းပြီးနောက်မှာတော့ စစ်ကောင်စီကို တူမီးသေနတ်၊ လက်လုပ်နင်းမိုင်းတွေနဲ့စတင်တိုက်ပွဲဝင်ခဲ့ရာမှ ၄.၈ ကျည်နဲ့ပစ်ရတဲ့ တတောင့်ထိုး လက်လုပ်ခါးချိုးသေနတ်တွေ ၈၀ မမ၊ ၆၀ မမ၊ ၅.၅၆ ကျည်သုံး ရိုင်ဖယ်နဲ့ကျည်ဘောက်တွေပါ ထုတ်လုပ်နိုင်နေပြီလို့ တပ်ဖွဲ့တာဝန်ခံကိုဇေယျက ပြောပါတယ်။

အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေကို ၂၀၂၂ ခုနှစ်၊ ဧပြီလလယ်ပိုင်းအတွင်း စတင်ထုတ်လုပ်ခဲ့ရာ နည်းပညာပိုင်းအနေနဲ့ န.ပ.တ မှာ သင်တန်းဆင်းလာတဲ့ ရဲဘော်ထော်ကြီးက သင်ပေးတယ်လို့ သူကဆက်ပြောပါတယ်။

လက်နက်ကြီးထုတ်လုပ်ရာမှာ ၆၀.၈၀ မမ ပြောင်းအတွက် ကွန်ဂျူးပိုက်တွေနဲ့သံပိုက်အထူတွေ၊ ထိပ်ဖူးတွေထုတ်ဖို့ရာမှာ ယမ်းပျော့၊ အနှေးကြိုး၊ အမြန်ကြိုး၊ ကတ်သီး စတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ယမ်းစိမ်းတွေ ရှာရတာမလွယ်ကူသလို ဝယ်ယူရတာခက်ခဲတယ်လို့ သိရပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်တာရှိသလို ရဲဘော်တချို့ကလည်း မြိုင်နယ် ပကဖ တပ်ဖွဲ့နဲ့အတူ ပါဝင်တိုက်ခိုက်ကြတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရကာ အကြားအာရုံချို့တဲ့သွား သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တောင်ညိုနဂါးတပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ လက်နက်တွေနဲ့ တိုက်ပွဲပေါင်း ၃၀ ကျော်မှာ လက်တွေ့အသုံးပြုခဲ့ပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်။

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့နယ် #တောင်ညိုနဂါး #လက်နက်ကြီးထုတ်လုပ်အောင်မြင် #တိုက်ပွဲဝင် #စစ်ကောင်စီ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10