တောင်ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ ရေစကြိုမြို့ကအမျိုးသားတဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံး

တောင်ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ ရေစကြိုမြို့ကအမျိုးသားတဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ တောင်ကိုရီးယားနိုင်ငံ ဆုဝါန်မြို့စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားအမျိုးသားတဦး  ဧပြီလ ၃၀ ရက် ဒီကနေ့ မနက် မြန်မာစံတော်ချိန် ၇ နာရီခွဲခန့် (ကိုရီးယားစံတော်ချိန် ၁၀ နာရီခန့်)က လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ပွားခဲ့နောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးခဲ့သူမှာ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာက အသက် ၃၁ နှစ်အရွယ် ကိုမျိုးထက်ကို ဖြစ်ပြီး စက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ကားပေါ်ကနေအတင်အချလုပ်နေတဲ့ သံချောင်းတွေက ၄င်းရဲ့ဦးခေါင်းကို ရိုက်မိခဲ့တာလို့ ဆိုပါတယ်။

“အဲဒီစက်ရုံမှာလုပ်နေတဲ့ မြန်မာလုပ်သားတွေလည်း သေချာမမြင်လိုက်ရဘူး။ သူတို့ပြောပုံအရ သူအလုပ်လုပ်နေတဲ့နားမှာ ကားပေါ်ကနေ သံချောင်းတွေအတင်၊ အချလုပ်နေတာ။ စည်းထားတဲ့ သံချောင်းတွေနဲ့ ခေါင်းကိုရိုက်မိတာလို့ ပြောတယ်“  လို့  ကိုမျိုးထက်ကိုနဲ့နီးစပ်သူ ကိုရီးယားနိုင်ငံနေထိုင်သူတဦးက ပြောပါတယ်။

ကိုမျိုးထက်ကို ကို အာဂျူတက္ကသိုလ်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ပေမယ့် ရရှိဒဏ်ရာပြင်းထန်တာကြောင့် ဒီကနေ့ ညနေပိုင်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

“ဆရာဝန်ကြီးတွေက ပြောတာက ထိခိုက်ဒဏ်ရာပြင်းထန်တယ်။ ခွဲစိတ်ကုသလို့ကိုမရနိုင်တဲ့ အခြေအနေမျိုးပေါ့။ အခု ဆုံးသွားပါပြီ” လို့ သူက ဆိုပါတယ်။

ကိုမျိုးကိုထက်ဟာ ကိုရီးယားကို ရောက်လာတာ ၇ လနီးပါးသာရှိသေးပြီး သူ့မှာ မိသားစုဝင် မိဘ ၂ ဦးနဲ့ မွေးချင်းမောင်နှမ ၄ ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၃၅,၀၀၀ နဲ့  ၄၀,၀၀၀ အကြားရှိပြီး မြန်မာလုပ်သားတွေဟာ  ဆောက်လုပ်ရေး၊ ကုန်ထုတ်၊ စိုက်ပျိုးရေး၊ မွေး မြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရကာ လုပ်ငန်းခွင်ထိခိုက်အန္တရာယ်ဖြစ်ပွားမှုတွေရှိနေသလို သေဆုံးသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ပုံစာ - ထိခိုက်ဒဏ်ရာရရှိသူ ကိုမျိုးထက်ကို။ 

ဓါတ်ပုံ - Zaw Moe Aung  Fb မှ ကူးယူဖော်ပြသည်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10