တောင်ကျချောင်းရေနဲ့ မျောပါသေဆုံးခဲ့တဲ့ သားအမိနှစ်ဦးမှာ ၃ ရက်ကြာအထိ မိခင်အလောင်းပြန်မတွေ့သေး (ရုပ်/သံ)

 

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ၊ ချောင်းခွရွာ၊ လယ်ကြီးအိုင်ရွာနဲ့ တောင်ဇလပ်စစ်ရှောင်စခန်းတို့မှာ စက်တင်ဘာ ၂၅ ရက်က ရေကြီးရေလျှံဖြစ်ပြီး တောင်ဇလပ်စစ်ရှောင်စခန်းက ချင်းလူမျိုး စစ်ရှောင်သားအမိ ၂ ဦး ရေထဲမျောပါသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းတောင်ဒေသမှာ စက်တင်ဘာ ၂၅ ရက်က မိုးသည်းထန်စွာရွာခဲ့တဲ့အတွက် ဆောမြို့နယ်အတွင်းရှိ ချောင်းခွရွာ၊ လယ်ကြီးအိုင်ရွာနဲ့ တောင်ဇလပ်စစ်ရှောင်စခန်းတို့ကို စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီခန့်မှာ တောင်ကျရေတွေ ရုတ်တရက်ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းက မိသားစုဝင် ၄ ဦးအနက် ဒေါ်နိန်ခေး အသက် ၃၈ နဲ့ သူရဲ့သားအငယ်မောင်နိုင်းနိန် အသက် ၃ နှစ်အရွယ်တို့ဟာ တောင်ကျရေစီးနဲ့ မျောပါသေဆုံးသွားခဲ့ပြီး သားအကြီးဖြစ်သူနဲ့ သားအလတ်ဖြစ်သူတို့ကတော့ လွတ်မြောက်ခဲ့တယ်လို့ CDF-MINDAT တပ်ဖွဲ့ဝင် တောခိုကြီး က ပြောပါတယ်။

သားဖြစ်သူ မောင်နိုင်းနိန်ရဲ့အလောင်းကိုတော့ တောင်ဇလပ်စစ်ရှောင်စခန်းနားမှာ ဆယ်ယူရရှိခဲ့ပြီး မိခင်ဖြစ်သူအလောင်းကိုတော့ စက်တင်ဘာ ၂၇ ရက် ည ၁၁ နာရီအထိ ရှာမတွေ့သေးဘူးလို့လည်း ဆက်ပြောပါတယ်။

တောင်ကျချောင်းရေဟာ အဲဒီရက် ညပိုင်းမှာပဲပြန်ကျသွားပြီး စစ်ရှောင်စခန်းတချို့ပျက်စီးခဲ့ပြီး ပစ္စည်းဆုံးရှုံးမှုကြီးကြီးမားမားမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

တောင်ဇလပ်စစ်ရှောင်စခန်းမှာ ချင်းပြည်နယ်ထဲက မတူပီ၊ မင်းတပ်စတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ မီးရှို့တာတွေလုပ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်လူဦးရေ ၁၅၀ ကျော်လောက်နေထိုင်နေတာ ၂ နှစ်နီးပါးလောက်ရှိပြီလို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဆော #တောင်ဇလပ်စစ်ရှောင်စခန်း #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10