တောင်ငူလေတပ်ကို ၄ ကြိမ်မြောက် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံးကြောင်း BWM ပြော

တောင်ငူလေတပ်ကို ၄ ကြိမ်မြောက် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံးကြောင်း BWM ပြော

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီတပ် တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar - BWM အဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက် မနေ့ ည ၈ နာရီကျော်လောက်မှာ BWM ပူးပေါင်းတပ်ဖွဲ့ဟာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ လေတပ်အတွင်း ၂ လုံး ကျရောက်ပေါက်ကွဲတယ်လို့ ဆိုပါတယ်။

လေတပ်စခန်းအတွင်း ရှော့ဒုံးကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီလေတပ်အရာရှိ ၁ ဦးအပါ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကာ ရဟတ်ယာဉ် ၁ စီးနဲ့ လေယာဉ် ၁ စီးလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ အဲ့ဒီအဖွဲ့က ပြောပါတယ်။

ထိခိုက်ပျက်စီးမှုတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

ရှော့ဒုံးပစ်ခတ်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီး  ၃ လုံး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကာ အဲ့ဒီနောက် ရှော့တိုက်ဒုံးပစ်ခတ်တယ်လို့ယူဆတဲ့ တောင်ငူလေတပ်နဲ့ အနီးတဝိုက်နေရာတွေကို စစ်ကား ၅ စီးနဲ့ စစ်ကောင်စီတပ်သားတွေက ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို Brave Warriors for Myanmar - BWM တပ်ဖွဲ့၊ NSA 31 မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

အခုလို တောင်ငူလေတပ်စခန်း မကြာခဏပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်က လုံခြုံရေးစည်းတွေကိုအထပ်ထပ်တိုးချဲ့လာတာကြောင့် သွားရောက်ပစ်ခတ်တဲ့အခါ အခက်အခဲတွေလည်း ပိုမိုကြုံတွေ့လာရတယ်လို့ BWM ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ စကစဘက်က လုံခြုံရေးတွေက ပိုပိုပြီးတော့ တင်းကျပ်လာတဲ့အခါကျတော့ တကြိမ်ထက်တကြိမ် ပိုပြီးတော့ ခက်လာတာပေါ့။ သွားရတဲ့လမ်းခရီး၊ ဝင်ရမယ့်လမ်းခရီး အကုန်လုံးပေါ့။ ၄ ကြိမ်မြောက်ဆိုတော့လည်း သူတို့လည်းပိုကြပ်လာပြီလေ။” လို့ ၎င်းက ဆိုပါတယ်။

BWM အဖွဲ့အနေနဲ့ တောင်ငူလေတပ်ကို ယခုနှစ်အတွင်း မတ် ၁၄ ရက်၊ မေ ၁၀ ရက်၊ ဩဂုတ် ၂၀ ရက်နဲ့ ယမန်နေ့တွေမှာ ရှော့တိုက်ဒုံး ၂၀ လုံးထက်မနည်းနဲ့ ၄ ကြိမ်တိုက်ခိုက်ပြီး အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီလေတပ်သုံး တိုက်လေယာဉ်တွေ ထိခိုက်မှုရှိသလို စစ်ကောင်စီတပ်သားအများအပြား သေဆုံး၊ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ - တောင်ငူလေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်စဉ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#တောင်ငူ #တောင်ငူလေတပ် #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10