တောင်ညိုဆည်မှာတာဝန်ကျတဲ့ဗိုလ်မှူးက ဒေသခံတွေဆီက အဓမ္မငွေတောင်းနေ

တောင်ညိုဆည်မှာတာဝန်ကျတဲ့ဗိုလ်မှူးက ဒေသခံတွေဆီက အဓမ္မငွေတောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ရှိ ဒေသအခေါ် မကျီးပင်ဆည်(တောင်ညိုဆည်) စက်လှေ ဂိတ်မှာတာဝန်ကျတဲ့ စစ်ကောင်စီဗိုလ်မှူးက အဓမ္မငွေကြေးတောင်းခံခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်က တောင်ညိုဆည်ကိုအမှီပြုနေတဲ့ ငါးအဝယ်ဒိုင် ၉ ဒိုင်ဆီကနေ စုစုပေါင်း ကျပ် ၄ သိန်း တောင်းပြီး ဆည်အနီးက ကုန်စုံဆိုင် ၄ ဆိုင်ကိုလည်း အဲ့ဒီရက်ဝန်းကျင်မှာပဲ တဆိုင်ကို ကျပ်နှစ် သိန်းခွဲစီ တောင်းယူခဲ့တာလို့ ဆိုပါတယ်။

“သူ့အတွက် အခွန်အခ သဘောမျိုး‌တောင်းတာ။ မိုက်ကြေးခွဲတာပေါ့ဗျာ။ အကုန်လုံးပေးရတာ၊ အရင်ကောင်(ဗိုလ်မှူး)တွေက မတောင်းဘူး။ သူ့လက်ထက်ကျမှ တောင်းတာ။ သူက စက်လှေဂိတ်ကို ရောက်လာတာ တလခွဲဝန်းကျင်ပဲရှိသေးတယ်” လို့  သူက ဆက်ပြောပါတယ်။

ခုလိုတောင်းနေသူဟာ အင်းမအခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတခုက  ဗိုလ်မှူး နိုင်ဝင်းထွန်းဖြစ်ပြီး ဒေသခံတွေကိုပါ စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့  သူက ဆက်ပြောပါတယ်။

တောင်ညိုဆည် စက်လှေဆိပ်အနီးက ဈေးဆိုင်တွေကနေ တောင်ညိုဆည်အတွင်းနဲ့ အထက်မှာ နေတဲ့ ညောင်လေးပင်ရွာ ကျောက်ပြုတ်ရွာ စတဲ့ ‌ကျေးတွေက အဓိကစျေးဝယ်ယူနေကြရတာဖြစ်ပြီး စျေးလာဝယ်ရင်လည်း အိမ်ထောင်စုဇယားမှာရှိတဲ့ လူဦးရေးအတိုင်း တပတ်စာစျေးဝယ်ယူခွင့် ထောက်ခံစာနဲ့ ဝယ်ယူဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ပြန်ထားတာပါ။ 

မေလ ၂၈ ရက်မနေ့ညကလည်း တောင်ညိုဆည် ဆည်မြောင်းဘောင်မှာ ငါးရှာနေတဲ့ ဒေသခံတွေကို  ဗိုလ်မှူးနိုင်ဝင်းထွန်းဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားပြီး ဒီမနက်အထိလည်း ပြန်လွှတ်ပေး တာ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

နတ်တလင်းမြို့နယ်ဟာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းရဲ့ ဇာတိမြို့ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့လည်းဖြစ်ပါတယ်။

စာတည်း - လင်း 

မြေလတ်အသံ

#ပဲခူး #နတ်တလင်း #တောင်ညိုဆည် #စစ်ကောင်စီ #ငွေတောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10