တောင်တွင်းကြီးမှာ ပြည်သူ့စစ်ကိုထောက်ပံ့ဖို့ငွေ‌တောင်းတဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

တောင်တွင်းကြီးမှာ ပြည်သူ့စစ်ကိုထောက်ပံ့ဖို့ငွေ‌တောင်းတဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးနဲ့ ပျူစောထီးဆိုသူတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ တဦးသေကာ တဦးဒဏ်ရာရရှိသွားတယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်၊  ချင်းသပြေပင်ရွာ အုပ်ချုပ်ရေးမှူး ကိုနန်းဝင်းနဲ့ ပျူစောထီးလို့ သတင်းထွက်နေတဲ့ ကိုလင်းလင်းစိန်တို့ ကသာရွာ ကြက်တိုက်ဝိုင်းကအပြန် သဲဖြူရွာနဲ့ ချင်းသပြေပင်ရွာကြားမှာ ဖေဖေါ်ဝါရီ ၂၀ ရက် ညနေ ၅ နာရီလောက်က ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးသေကာ ကိုလင်းလင်းစိန် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

”ဆိုင်ကယ်ကို ရှေ့က မောင်းလာတဲ့ လင်းလင်းစိန်ကို အရင်ပစ်ပြီးမှ အုပ်ချုပ်ရေးမှူးကို ဆက်ပစ်တာ။ အုပ်ကြီးက တခါတည်းသေတယ်။ လင်းလင်းစိန်ကတော့ မသေသေးဘူး“ လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်မှုအပြီး စစ်သား‌တွေရောက်လာကာ အလောင်းကို သယ်ယူပြီး ကျည်ထိမှန်ထားတဲ့ ကိုလင်းလင်းစိန်ကိုတော့ မကွေးဆေးရုံကနေ နေပြည်တော်ဆေးရုံကို ဆက်ပို့တယ်လို့ သူကဆက်ပြောပါတယ်။

ကိုနန်းဝင်းနဲ့  လင်းလင်းစိန်တို့ဟာ ကျေးရွာနေပြည်သူတွေကို  ပြည်သူ့စစ်ကို ထောက်ပံ့ဖို့ဆိုကာ တအိမ်လျင် ငွေကျပ်သုံးသောင်း တောင်းခံတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းကလည်း တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းရွာက အုပ်ချုပ်ရေးမှူး ကိုညွန့်ဝင်း၊ ပျူစောထီးလို့ သတင်းထွက်နေတဲ့ ကိုသန်းဝင်းနဲ့ ကိုမြင့်ဇော်တို့ ၃ ဦးကို TDG Special Guerrilla Force က ရခိုင်ဘုရားကြီးဝန်း ထမင်းဆိုင်မှာ ထမင်းစားနေချိန် ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး ကိုနန်းဝင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #တောင်တွင်းကြီး #အုပ်ချုပ်ရေးမှူး #ပျူစောထီး #ပစ်သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10