တောင်သာကို အင်ဂျင်တပ်လေထီးနဲ့ ထပ်မံတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

တောင်သာကို အင်ဂျင်တပ်လေထီးနဲ့ ထပ်မံတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာကို စစ်ကောင်စီကတပ်ဖွဲ့ဝင်တွေက အင်ဂျင်တပ်လေထီးသုံးပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇန်နဝါရီ ၅ ရက်မနေ့ကမနက် ၄ နာရီ မိနစ် ၂၀ လောက်မှာ မိတ္ထီလာရှမ်းလေတပ်ဘက်ကတက်လာတဲ့ အင်ဂျင်တပ်လေထီး ၂ စီးက ရွှေစည်ကြီးရွာထဲကိုဗုံးသီးချခဲ့ရာ အသက် ၅၈ နှစ်အရွယ်ဒေါ်မြင့်သန်း နဲ့ ၁၂ နှစ်အရွယ်မြေးဖြစ်သူတို့ နေထိုင်တဲ့အိမ်ကိုထိမှန်ပြီး ဒေါ်မြင့်သန်းသေဆုံးကာ မြေးဖြစ်သူဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“အိမ်ပေါ်တည့်တည့်ကျတော့ အဖွားကပွဲချင်းပြီးသေသွားတယ်။ ကလေးက ခန္ဓာကိုယ်ခြေလက်တွေထိတယ်၊ စိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူး။ သက်ဆိုင်ရာဆေးခန်းမှာ ကုသမှုပေးနေတယ်။ တောင်သာအရှေ့ခြမ်းဘက်မှာ တော်လှန်ရေးအဖွဲ့တွေစိုးမိုးထားတဲ့အတွက်ကြောင့်မို့ လာပြီးတော့မှကြဲချတာဖြစ်မှာ” လို့ တောင်သာ ဒေသခံတဦးကပြောပါတယ်။

အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ရွှေစည်ကြီးကျေးရွာဟာ အခုလိုပစ်ခတ်ခံရတာပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင်နေအိမ်ပျက်စီးပြီး နွား ၂ ကောင်သေဆုံးကာ ၂ ကောင်ထိခိုက်ခဲ့ပါတယ်။ ဒေါ်မြင့်သန်းအလောင်းကို နေ့တွင်းချင်းသင်္ဂြိုဟ်ပေးခဲ့ပြီး ထိခိုက်ခဲ့တဲ့မြေးဖြစ်သူကိုတော့ ဆေးဝါးကုသပေးနေတယ်လို့ အထက်ပါ ဒေသခံကပြောပါတယ်။ 

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းမှာလည်း တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီး၊ အင်ဂျင်တပ်လေထီး ၂ စီးနဲ့  ၂ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင် ၃ ဆိုင်နဲ့ မုန့်ဆိုင် ၂ ဆိုင်ပျက်စီးခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၆ ရက်အထိ စစ်ကောင်စီအဖွဲ့ဝင်တွေကြောင့် သေဆုံးခဲ့သူ စုစုပေါင်း ၆,၁၂၀ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တောင်သာ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10