တောင်သာနယ်က စာသင်ကျောင်းကို စစ်တပ်လေကြောင်းက ဗုံးကြဲ၊ ကျောင်းဆောင် ၃ ဆောင်နဲ့မုန့်ဆိုင် ၂ ဆိုင်ပျက်စီး

တောင်သာနယ်က စာသင်ကျောင်းကို စစ်တပ်လေကြောင်းက ဗုံးကြဲ၊ ကျောင်းဆောင် ၃ ဆောင်နဲ့မုန့်ဆိုင် ၂ ဆိုင်ပျက်စီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်သားတွေက လေကြောင်းအပြင် စက်တပ်မောင်းနှင်တဲ့ လေထီးအသုံးပြုပြီး ဒရုန်းဗုံးသီးနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်တချို့ ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ရှမ်းတဲလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ဇရပ်ကြီးရွာ အနောက်ဘက်မှာရှိတဲ့ စာသင်ကျောင်းကိုလာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဝန်ထမ်းနေထိုင်တဲ့ အဆောင် ၁ ဆောင်၊ ၂ ထပ်ဆောင် ၁ ဆောင်၊ ဟောပြောခန်း ၁ ခု ထိမှန်ပျက်စီးသွားပါတယ်။

အဲဒီနောက် မွန်းလွဲ ၂ နာရီလောက်မှာလည်း စက်တပ်မောင်းနှင်လို့ရတဲ့ လေထီး ၂ စီးထပ်မံရောက်လာပြီး ဒရုန်းဗုံးသီးတွေနဲ့ ကြဲချခဲ့လို့ မုန့်စျေးတန်းတချို့ ထိမှန်ပျက်စီးသွားသလို ဒေသခံ ၁ ဦးလည်း ဒရုန်းဗုံးသီးအစ ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“ရုတ်တရက်လာကြဲသွားတာ၊ ဒီအတိုင်း ဘာမှမကြားလိုက်ဘူး၊ ပြီးမှ ဝုန်း ဆိုတဲ့အသံကြားတာ။ စာသင်ကျောင်းက ဒီအတိုင်းပဲပိတ်ထားတာကြာပြီ။ ကျောင်းထဲမှာ ဘယ်သူမှလည်းမနေဘူး။ ကျောင်းပိတ်ထားတာကြာတော့ ကျောင်းပြန်ဖွင့်ဖို့လုပ်မယ့်ဆဲဆဲကို သူတို့က လာပစ်သွားတာ” လို့ ဇရပ်ကြီးဒေသခံတဦးက ပြောပါတယ်။

ဇရပ်ကြီးရွာက စာသင်ကျောင်းဟာ အထက်တန်းအထိရှိပြီး ယခင်အစိုးရလက်ထပ်က ဖွင့်လှစ်ထားတဲ့ကျောင်း ၁ ကျောင်းဖြစ်သလို ကျောင်းဝန်းထဲမှာ စာသင်ဆောင် ၇ ဆောင်အထိရှိတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းကို ၂၀၂၂ ကတည်းက ပိတ်ထားတာဖြစ်ပြီး ရွာထဲက ကျောင်းသားတချို့ဟာ တောင်သာမြို့နယ်ဘက်မှာ သွားရောက်ပညာသင်ကြားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဇရပ်ကြီးရွာဟာ အခုလိုလေကြောင်းနဲ့ တိုက်ခိုက်ခံရတာ ပထမအကြိမ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေသခံတချို့သာ ကျေးရွာမှာ ပြန်လည်နေထိုင်ပြီး တချို့ကတော့ ရှောင်တိမ်းနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဇရပ်ကြီးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက အခုနှစ် ဇွန်လလောက်က အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့အတွက် အဲဒီရွာထဲမှာ ကာကွယ်ရေးအဖွဲ့တွေရှိမယ်အထင်နဲ့ လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ တောင်သာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဇရပ်ကြီးကျေးရွာကို အာဏာသိမ်းပြီးတော့ ၂ နှစ်လောက်အထိ သူတို့လုံးဝအထိုင်ချတပ်စွဲထားတဲ့နေရာကို ကျနော်တို့အင်အားစုက တိုက်ထုတ်လိုက်တော့ မနေနိုင်တော့ဘူး၊ ဇရပ်ကြီးက မြို့နဲ့ နီးတယ်လေ သူတို့က ဒီဘက်မှာလည်း PDF တွေက စိုးမိုးထားတာဆိုတော့ ဇရပ်ကြီးကျေးရွာမှာ ဘယ်လိုနေနေရှိတယ်ဆိုမှ သူတို့ထင်ကြေးနဲ့ ချတာပေါ့” လို့ အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကလည်း တောင်သာမြို့နယ် ပြဿဒ်ကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင်အပါ၊ ဘုရားစေတီနဲ့ လူနေအိမ်များ ထိမှန်ပျက်စီးသွားပါသေးတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၈) လမ်းပိုင်းမှာ နွားထိုးကြီး PDF တပ်ဖွဲ့တွေက ခရီးသွားကားတွေနဲ့ ဆိုင်ကယ်တွေကို လမ်းပိုင်းစစ်ဆေးမှုပြုလုပ်တဲ့နေ့ကစပြီး မန္တလေးတိုင်းထဲက ကျေးရွာတွေဖြစ်တဲ့ ဒေါင့်ဘိုးရွာ ၊ မြိုင်သာရွာနဲ့  ဇရပ်ကြီးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာပဲဖြစ်ပါတယ် ။ 

စာတည်း -လင်းဇေ

#မြေလတ်အသံ

#မန္တလေး #တောင်သာ #ဇရပ်ကြီး #စာသင်ကျောင်း #စစ်ကောင်စီ #လေကြောင်း # ဒရုန်းဗုံးသီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10