တောင်သာမြို့နယ်က ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်တိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း

တောင်သာမြို့နယ်က ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်တိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်)ရွာရှိ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)ဆီက သိရပါတယ်။ 

ရွာထဲရှိ ပျူစောထီးခေါင်းဆောင်ကျော်မင်းထွန်းအိမ်မှာ အင်အား ၁၅ ဦးလောက်နဲ့ စခန်းချနေတဲ့ ပျူစောထီးအထိုင်စခန်းကို နိုဝင်ဘာ ၁ ရက် မနက် ၃ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။  

“တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ချိန်မှာ ပျူစောထီးတွေက ၁ မိုင်လောက်ဝေးတဲ့ ဝဲလောင်ရဲစခန်းကို ထွက်ပြေးသွားတယ်။ စခန်းအရောက်မှာ သေနတ်ပစ်ဖောက်သံတွေတော့ ကြားရတယ်။ ပျူစခန်း ဝင်စီးတဲ့အချိန်မှာ သွေးကွက်တွေ တွေ့ရတယ်။” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)တာဝန်ရှိသူက ပြောပါတယ်။ 

တလိုင်းရပ်ရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး အဲ့ဒီပျူစောထီးစခန်းဟာ လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်ကတည်းက ရှိနေတာလို့ သိရပါတယ်။ 

ထွက်ပြေးသွားတဲ့ ပျူစောထီးတွေထဲကတဦးကတော့ ပြေးရင်း လမ်းမှာသေဆုံးခဲ့တယ်လို့သိရပြီး သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုံစမ်းနေဆဲလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် စခန်းကိုဝင်စီးချိန်မှာ ကာဘိုင် ၁ လက်၊ ရှော့ဂန်း ၁ လက်၊ ၇.၆၂ ကျည် ၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည်၊ ယူနီဖောင်းတွေနဲ့အတူ ငွေကျပ် ၁ သိန်း ၅ ထောင်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ 

ကာကွယ်ရေးတပ်သားတွေ ပြန်ဆုတ်ခွာသွားပြီးနောက် အဲ့ဒီနေ့မနက် ၈ နာရီလောက်မှာပဲ ပျူစောထီးတွေဟာ ထနှောင်းကုန်းရွာ ပျူစောထီးတွေကိုပါခေါ်လာပြီး လက်ရှိ လူအင်အား ၃၀ လောက်နဲ့ တလိုင်းရပ်ရွာမှာပဲ အထိုင်ပြန်ချနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #တလိုင်း #ပျူစောထီးစခန်း #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10