သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
၂၀၂၁ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်စစ်ဆင်နွှဲမှု ၄ နှစ်နီးပါးကြာမြင့်လာချိန်မှာ နှစ်ပေါင်း ၈၀ ခန့် သက်တမ်းရှိတဲ့ မြန်မာစစ်တပ်အတွင်း တပ်ဖွဲ့စည်းပုံပျက်ပြားနေတဲ့အထိ ကြီးမားတဲ့အကြပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။
မြန်မာစစ်တပ်ဟာ နေပြည်တော်တိုင်းအပါအဝင် တိုင်းစစ်ဌာနချုပ် ၁၄ ခုနဲ့ နိုင်ငံအနှံ့အပြားကို စစ်ရေးထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ လားရှိုး ရမခ နဲ့ အမ်း နပခ တိုင်းစစ်ဌာနချုပ် ၂ ခုကို မြောက်ပိုင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းမှာ စတင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အနေနဲ့ တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် စစ်ဌာနချုပ်အများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး တိုက်ပွဲတွေအတွင်း တိုင်းမှူးအပါအဝင် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် အဆင့် ၂၅ ဦးအထိ သေဆုံး၊ အရှင်ဖမ်းမိ၊ လက်နက်ချ ပူးပေါင်းစတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
စစ်ဌာနချုပ်တပ်စခန်းတွေ ဆုံးရှုံးရတာနဲ့အတူ နယ်မြေတွေပါ စွန့်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ နိုင်ငံအနှံ့ ၃၂ ရာခိုင်နှုန်း(သုံးပုံတပုံခန့်) သာရှိတော့ပြီး ၄၄ ရာခိုင်နှုန်းကို တိုင်းရင်းသားတော်လှန်ရေး တပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက စိုးမိုးထိန်း ချုပ်ထားပါတယ်။ ကျန် ၂၄ ရာခိုင်နှုန်းမှာ တော်လှန်စစ်ဖြစ်ပွားနေတယ်လို့ NUG ရဲ့ ၂၀၂၄ စစ်ရေးဖြစ်ပေါ် တိုးတက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေသေးတဲ့ စစ်တိုင်း ၁၂ ခုအနက် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက စစ်တိုင်း ၂ ခုဖြစ်တဲ့ ရလခ နဲ့ တသခ၊ ရန်ကုန်တိုင်း(ရကတ)၊ နေပြည်တော်တိုင်း(နပတ) စတဲ့ စစ်တိုင်း ၄ ခုကလွဲရင် ကျန်စစ်တိုင်း ၈ ခုမှာ တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မြို့တွေအနီးအထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးအရ ခြိမ်းခြောက်ခံနေရပါတယ်။
လားရှိုး ရမခ နဲ့ အမ်း နပခ တိုင်းစစ်ဌာနချုပ် ၂ ခုဟာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေလက်ထဲ ဘယ်လို ရောက်သွားခဲ့လဲ၊ ကျန်စစ်တိုင်း ၈ ခုဟာလည်း ဘယ်လိုခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရလဲ၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ရှမ်းပြည်တောင်းပိုင်းနဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၂ ကရော ဘယ်လိုအခြေအနေတွေရှိနေလဲ ဆိုတာ စစ်ကောင်စီတပ်ရဲ့ စစ်ပူမိတိုင်းစစ်ဌာနချုပ်တွေအကြောင်း ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)
စစ်အင်္ဂါစဥ်မှာ နံပါတ် ၃ ဖြစ်တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ ဟာ ရှမ်းမြောက်ဒေသက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၁ ခုအပါ ဌာနချုပ်/တပ်ရင်း/တပ်ဖွဲ့ပေါင်း ၉၂ ခုနဲ့ ဒေသတွင်းစစ်ဆင်ရေးတွေကို ကွပ်ကဲရတဲ့ တိုင်းစစ်ဌာနချုပ်ပါ။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန် ဒကစ(လောက်ကိုင်)၊ ကွမ်းလုံအခြေချစစ်ဗျူဟာ စတဲ့စစ်ဌာနချုပ်တွေ သိမ်းပိုက်ခံရပြီးတဲ့နောက် ၂၀၂၄ ဩဂုတ်လအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မြောက်ပိုင်းမဟာမိတ်တပ်တွေ ရဲ့ တိုက်ခိုက်သိမ်းပိုက်တာ ခံခဲ့ရပါတယ်။
နှစ် ၈၀ နီးပါးရှိ စစ်ကောင်စီတပ်သက်တမ်းအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျဆုံးခြင်းဟာ သမိုင်းဝင်ဆုံး ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး စစ်တိုင်းမှူး၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်ချုပ်တွေအပါအဝင် ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်ရ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လားရှိုးရမခ ကျဆုံးပြီးနောက် ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ကျန်ရှိတဲ့မြို့ဟာ မူဆယ်အပါအဝင် ၃ မြို့ ခန့်နဲ့ တပ်ဖွဲ့အနည်းငယ်သာရှိတော့ပြီး လားရှိုးမှာ ကျဆုံးသွားတဲ့ ရမခတိုင်းစစ်ဌာနချုပ်ရုံးကို လက်ရှိ မိုင်းရယ်မြို့ မှာ ပြောင်းရွှေ့ဖွင့်လှစ်ထားပေမယ့် ကွပ်ကဲစရာမြေပြင်တပ်တွေကတော့ မရှိတော့ပါဘူး။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မြန်မာနိုင်ငံ(မြောက်ပိုင်း) ကချင်ပြည်နယ်အတွင်းရှိ ဌာနချုပ်/ တပ်ရင်း/ တပ်ဖွဲ့ ၉၄ ခုနဲ့ ပြည်နယ်အတွင်းစစ်ဆင်ရေးတွေကို မြစ်ကြီးနားမြို့အခြေစိုက်ပြီးကွပ်ကဲတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။
မပခကွပ်ကဲမှုလည်းဖြစ် ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ တည်ရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ကန်ပိုင်တည် မြို့တွေက စစ်ကောင်စီတပ်စခန်း၊ နယ်ခြားစောင့်နဲ့ပြည်သူ့စစ်စခန်းတွေကို KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်တာကို ခံထားရပါတယ်။
ဗန်းမော်၊ မံစီနဲ့ ဖားကန့်မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မပခကွပ်ကဲမှုအောက် တပ်ရင်း/ဌာနချုပ် ၉၄ ခုအနက် ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ဆင်ဘို ဒေ့ါဖုန်းးယန်၊ မြို့သစ်၊ ဒါဆိုင်း၊ နွယ်မလန်း စတဲ့မြို့တွေက ခြေလျင်/ ခြေမြန် နဲ့ အမြောက်တပ်ရင်း ၁၂ ရင်းကို လက်လွှတ်ထားရပါတယ်။
မပခ အခြေစိုက်ရာ မြစ်ကြီးနားမြို့အနီးမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိနေကာ အဲ့ဒီအခြေအနေတွေကြောင့်လည်း စစ်ကောင်စီက မြစ်ကြီးနားမြို့ကို ၂၀၂၄ ဇူလိုင်လကစလို့ ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားပါတယ်။
မပခ တိုင်းစစ်ဌာနချုပ်အထိ တိုက်ပွဲတွေမရောက်ရှိလာသေးပေမယ့် လက်လွှတ်လိုက်ရတဲ့ တပ်စခန်းဌာနချုပ် ၊ မြို့တွေရှိနေပြီး မြစ်ကြီးနားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခံလာရရင် ကျရှုံးနိုင်ခြေရှိသည့် တိုင်းစစ်ဌာနချုပ် တခုဖြစ်ပါတယ်။
လက်ရှိ တိုင်းမှူးဟာ ဗိုလ်မှူးချုပ် အောင်ဇော်ထွေး ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် မပခရဲ့ ၄ ဦးမြောက် တိုင်းမှူးလည်း ဖြစ်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)
မြန်မာနိုင်ငံအနောက်မြောက်ဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်အတွင်း တပ်ရင်း/ တပ်ဖွဲ့ ၉၄ ခုနဲ့ စစ်ဆင်ရေးတွေကို စစ်ရေးကွပ်ကဲတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး မုံရွာ အလုံတပ်မြို့မှာ ဌာနချုပ် တည်ရှိပါတယ်။
နမခ ကွပ်ကဲမှုဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်၊ ကန်ပက်လက် စတဲ့မြို့တွေကို တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ထိန်းချုပ်ထားသလို စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း(မြောက်ပိုင်း)ဒေသတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်မှုအားကောင်းတဲ့ နယ်မြေတွေဖြစ်ပြီး နမခဌာနချုပ်အနီးမြို့နယ်တွေအထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
စစ်ရေးကွပ်ကဲရတဲ့ နယ်မြေတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နိုင်မှု များပြားတာ၊ မြို့နယ်တချို့ လက် လွှတ်ထားရတာနဲ့ ဆက်စပ်နယ်မြေဖြစ်တဲ့ကချင်ပြည်နယ်နဲ့မန္တလေးတိုင်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေ တာကြောင့် အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းစစ်ဌာနချုပ်တခုလည်း ဖြစ်ပါတယ်။
မုံရွာ နမခ ဟာ စစ်ကောင်စီတပ်အတွက် ထပ်မံကျဆုံးနိုင်ခြေများပြားတဲ့ တိုင်းစစ်ဌာနချုပ်တွေထဲမှာ မန္တလေး လပခ ပြီးရင် ဒုတိယမြောက်အနီးစပ်ဆုံးအဖြစ် ရှိနေကြောင်း တပ် CDM အသိုင်းအဝိုင်းက ထောက်ပြပါတယ်။
မုံရွာ နမခ ကို တိုင်းမှူး အသစ်အဖြစ် ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ခန့်အပ်ပို့ဆောင်ထားပြီး နမခကို ၃ နှစ်ကြာ ကိုင် တွယ်ခဲ့တဲ့ ယခင်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် ကတော့ စစ်ကိုင်းတိုင်းအတွင်း ရလဒ်တွေမကောင်းခဲ့ပမယ့် နေ ပြည်တော်ကို ရာထူးတိုး၊ အဆင့်တိုးနဲ့ ရောက်ရှိသွားပါတယ်။
ဗိုလ်ချုပ် သန်းထိုက် ဟာ နမခကို ကိုင်တွယ်ခဲ့တဲ့ ၃ နှစ်နီးပါးအတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှု၊ လူအခွင့်အရေးချိုးဖောက်မှုအများအပြားအပေါ် တာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)
မန္တလေးမြို့ နန်းတွင်းအခြေစိုက်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းနဲ့ မကွေးတိုင်း(တောင်ပိုင်း) က စစ် ကောင်စီတပ်ရင်း/တပ်ဖွဲ့ ၁၅၃ ခု ကို ကွပ်ကဲရတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်ပြီး အဲ့ဒီထဲက မတ္တရာနဲ့ သပိတ်ကျင်း အခြေစိုက်တပ်တွေ အပြင်းအထန်တိုက်ခိုက် ခံနေရပါတယ်။
တိုင်းရင်းသားတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ဒေသနဲ့ နယ်မြေဆက်စပ်နေတဲ့ စစ်တိုင်းဖြစ် ပြီး မန္တလေးတိုင်းအစပ်နောင်ချိုမှာ တိုက်ပွဲတွေဆက်ဖြစ်နေကာ လပခနဲ့အနီးဆုံးဖြစ်တဲ့ ပြင်ဦးလွင်နဲ့ သပိတ် ကျင်းခရိုင်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
လပခ ဟာ ရမခ တိုင်းစစ်ဌာနချုပ်လက်လွှတ်လိုက်ရပြီးတဲ့နောက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်ခံရနိုင်မှု အနီး စပ်ဆုံးတိုင်းစစ်ဌာနချုပ်ဖြစ်ပြီး မန္တလေးနန်းတွင်းဌာနချုပ်ဟာလည်း မကြာခဏ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံနေရပါတယ်။
လက်ရှိမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက အပစ်ရပ်ထားတာကြောင့် ပြင်ဦးလွင်အထိ တိုက်ပွဲတွေ ရောက်မလာသေးပေမယ့် စစ်ကောင်စီတပ်က လပခ မကျဆုံးရေး ပြင်ဦးလွင်တပ်နယ်၊ သပိတ်ကျင်းခရိုင်က နယ်မြေ တွေမှာ ခံစစ်အခိုင်အမာပြင်ဆင်ကာ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ခုခံကာကွယ်နေပါတယ်။
လပခ ကျဆုံးခဲ့ရင် နေပြည်တော်အထိ ခြိမ်းခြောက်မှုတွေ ရှိလာမှာဖြစ်တယ်လို့ CDM တပ်မတော်သား အသိုင်းအဝိုင်းကလည်း သုံးသပ်ထားပါတယ်။
လက်ရှိ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် ဟာ စစ်အာဏာသိမ်းပြီးနောက် ၄ ဦးမြောက် ဖြစ်ပြီး ၎င်းရဲ့ရှေ့ တိုင်းမှူးတွေဖြစ်တဲ့ ဗိုလ်ချုပ် ကြည်ခိုင်နဲ့ ဗိုလ်ချုပ် အောင်ခိုင်ဝင်း တို့ ၂ ဦးမှာ ရာထူးမှဖြုတ်ချခံခဲ့ရကာ အာဏာသိမ်းစ အစောပိုင်းကာလတွေမှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် ကိုကိုဦး ကတော့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူး တိုးမြှင့်ခံထားရပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်(နပတ)
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်အစိုးရ နေပြည်တော်သို့ စတင်ပြောင်းရွှေ့အခြေပြုချိန် ၂၀၀၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဇမ္မူသီရိမြို့နယ်မှာ တိုင်းစစ်ဌာနချုပ်ရုံး အခြေစိုက်ထားပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့လုံခြုံရေး၊ စစ်ရုံးချုပ်နဲ့ နေပြည်တော်ကာကွယ်ရေးအတွက် အဓိကတာဝန်ယူထားရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး နေပြည်တော်ဒေသအခြေစိုက် တပ်ရင်း/တပ်ဖွဲ့ တွေကို စစ်ရေးကွပ်ကဲရတာပါ။
နေပြည်တော်ပတ်လည်ကို လေကြောင်းရန်ကာကွယ်ရေးတပ်အများအပြားနဲ့ကာကွယ်ထားပေမယ့် နေပြည်တော်လေတပ်စခန်း၊ အေလာလေဆိပ်နဲ့ စစ်ရုံးချုပ်နေရာတချို့မှာ Fixed Wings ၊ ဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ ၄ ကြိမ်ထက် မနည်းတိုက်ခိုက်ခံထားရပြီး နေပြည်တော်နဲ့ ကယားပြည်နယ်အစပ်မှာလည်း တိုက်ပွဲတချို့ဖြစ်ပွား တာတွေရှိနေပါတယ်။
နေပြည်တော်အတွင်းမှာလည်း အခိုင်အမာခံစစ်ပြင်ဆင်နေပြီး နေပြည်တော်နဲ့ အနီးတဝိုက်နယ်မြေတွေကို နယ် မြေအခြေစိုက် တပ်ရင်း၊တပ်ဖွဲ့အင်အားတွေအပြင် စစ်ရုံးချုပ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပါ ထုတ်နုတ်ကာ လှုပ်ရှားစစ်ကြောင်း အလှည့်ကျစေလွှတ်ပြီး နေပြည်တော်ကို ကာကွယ်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နေပြည်တော် တိုင်းမှူး ၄ ဦးအထိအပြောင်းအလဲပြုလုပ်ထားပြီး လက်ရှိတိုင်းမှူးမှာ DSA အပတ်စဥ် ၃၉ ဆင်း ဗိုလ်ချုပ် စိုးမင်း ဖြစ်ပါတယ်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)
တောင်ကြီးမြို့အခြေစိုက်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကရင်နီ(ကယား) ပြည်နယ်အတွင်းက ဌာနချုပ် / တပ် ရင်း/ တပ်ဖွဲ့ ၈၆ ခုနဲ့ စစ်ဆင်ရေးတွေကို စစ်ရေးကွပ်ကဲရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး KNDF ပူးပေါင်း တပ်တွေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ လွိုင်ကော်)နဲ့ စကခ ၇ တည်ရှိရာ လွိုင်ကော်နဲ့ ဖယ်ခုံမြို့အထိ စစ်ရေးအရ ဖိအားပေးထားနိုင်တာပါ။
၂၀၂၄ ဖေဖော်ဝါရီလအတွင်းမှာ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ တောင်ကြီးမြို့နဲ့ကပ်လျက် ဆီဆိုင်၊ ဟိုပုံးမြို့ရှိ စစ်ကောင်စီတပ်တွေကို ပအိုဝ်းအမျိုးးသားလွတ်မြောက်ရေးတပ်- PNLAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည်ငြိမ်သက်နေပါတယ်။
လက်ရှိမှာ တောင်ကြီးမြို့နဲ့ ရပခတိုင်းစစ်ဌာနချုပ်အနီး တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ကရင်နီပြည်နယ် အတွင်း မှာတော့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက နယ်မြေစိုးမိုးထိန်းချုပ်မှုများပြားပြီး လွိုင်ကော် ဒကစ အနီး အထိခြိမ်းခြောက်နေတာကြောင့် စောင့်ကြည့်ရမယ့် တိုင်းစစ်ဌာနချုပ်တခုလည်း ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ)နဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ)
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ - UWSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ - RCSS/SSA တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေက တပ်ရင်း/တပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေကို ရလခ က ခိုလမ်မြို့၊ တသခ က ကျိုင်းတုံမြို့တွေ ကနေ တိုင်းစစ်ဌာနချုပ်အခြေစိုက်ပြီး စစ်ရေးကွပ်ကဲပါတယ်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်မှာ အခြေချစစ်ဗျူဟာ ကွန်ဟိန်းနဲ့ လင်းခေး၊ စကခ ၂ နဲ့ ၁၇ စတဲ့ အခြေချစစ်ဗျူဟာ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေအပါအဝင် တပ်ရင်း/တပ်ဖွဲ့ဌာနချုပ် ၆၅ ခုနဲ့ ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့တချို့လည်း ရှိပါတယ်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်းက တပ်ရင်း၊တပ်ဖွဲ့ပေါင်း ၉၆ ခုနဲ့ ဌာနေပြည်သူ့စစ်တွေကို စစ်ရေးကွပ်ကဲရပြီး လက်အောက်မှာ စကခ ၁၄ ၊ စကခ ၁၈ တပ်မ ၂ ခုနဲ့ စဗခ တာချီလိတ်၊ မိုင်းခက်၊ မိုင်းတုံ တို့လို အခြေချစစ်ဗျူဟာဌာနချုပ်တွေလည်း ရှိပါတယ်။
ရလခနဲ့ တသခ နယ်မြေတွေအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် အဆိုပါနယ်မြေတွေမှာ အခြေစိုက် ထားတဲ့ စကခ ၂၊ စကခ ၁၄ ၊ စကခ ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေနဲ့ လက်အောက်တပ်ရင်းတွေဟာ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးနဲ့ ကရင်နီဒေသတွေမှာ ထိခိုက်ဆုံရှုံးမှုများပြားခဲ့ပြီး ရှမ်းမြောက်တိုက်ပွဲတွေမှာ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦး MNDAA ထံ လက်နက်ချအညံ့ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အပစ်အခတ်တိုက်ပွဲလုံးဝမဖြစ်ပွားသေးတဲ့ နယ်မြေဖြစ်ပြီး အဲ့ဒီနယ်မြေတွေကို ထိန်း ချုပ်ထားတဲ့ UWSA၊ SSPP နဲ့ RCSS တပ်ဖွဲ့တွေကလည်း ၂၀၂၃ မှာခေါ်ယူဆွေးနွေးတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ထားတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၁၀ ပြည့်နှစ်မှာ လက်ရှိစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်တိုင်းမှူးတာဝန်ယူ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိတိုင်းမှူးက ဗိုလ်ချုပ် မျိုးမင်းထွန်း ဖြစ်ပါတယ်။
တြိဂံဒေသတိုင်းကတော့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းမှူးလုပ်ခဲ့တဲ့ တိုင်း စစ်ဌာနချုပ်ဖြစ်ပြီး လက်ရှိမှာလည်း ၎င်းယုံကြည်ရသူတွေကို တိုင်းမှူးရွေးချယ်ခန့်အပ်လေ့ရှိကာ လက်ရှိတိုင်းမှူး က ဗိုလ်မှူးချုပ် စိုးလှိုင် ဖြစ်ပါတယ်။
#မြေလတ်အသံ
#သုံးသပ်ချက်ဆောင်းပါ #စစ်ကောင်စီတပ် #စစ်ရှုံး #တင်းစစ်ဌာနချုပ်
Share Share Share