တော်လှန်စစ် ၄ နှစ်အကြာ စစ်တိုင်း ၂ တိုင်း ကျရှုံးပြီးနောက် စစ်ပူမိနေတဲ့ လက်ကျန်တိုင်းစစ်ဌာနချုပ်တွေ (အပိုင်း ၂) (သုံးသပ်ချက်ဆောင်းပါး)

တော်လှန်စစ် ၄ နှစ်အကြာ စစ်တိုင်း ၂ တိုင်း ကျရှုံးပြီးနောက် စစ်ပူမိနေတဲ့ လက်ကျန်တိုင်းစစ်ဌာနချုပ်တွေ (အပိုင်း ၂) (သုံးသပ်ချက်ဆောင်းပါး)

၂၀၂၁ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်စစ်ဆင်နွှဲမှု ၄ နှစ်နီးပါးကြာမြင့်လာချိန်မှာ နှစ်ပေါင်း ၈၀ ခန့် သက်တမ်းရှိတဲ့ မြန်မာစစ်တပ်အတွင်း တပ်ဖွဲ့စည်းပုံပျက်ပြားနေတဲ့အထိ ကြီးမားတဲ့အကြပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာစစ်တပ်ဟာ နေပြည်တော်တိုင်းအပါအဝင် တိုင်းစစ်ဌာနချုပ် ၁၄ ခုနဲ့ နိုင်ငံအနှံ့အပြားကို စစ်ရေးထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ လားရှိုး ရမခ နဲ့ အမ်း နပခ တိုင်းစစ်ဌာနချုပ် ၂ ခုကို မြောက်ပိုင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှာ စတင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အနေနဲ့ တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် စစ်ဌာနချုပ်အများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး တိုက်ပွဲတွေအတွင်း တိုင်းမှူးအပါအဝင် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် အဆင့် ၂၅ ဦးအထိ သေဆုံး၊ အရှင်ဖမ်းမိ၊ လက်နက်ချပူးပေါင်း စတဲ့ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

စစ်ဌာနချုပ်တပ်စခန်းတွေ ဆုံးရှုံးရတာနဲ့အတူ နယ်မြေတွေပါ စွန့်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ နိုင်ငံအနှံ့ ၃၂ ရာခိုင်နှုန်း(သုံးပုံတပုံခန့်) သာရှိတော့ပြီး ၄၄ ရာခိုင်နှုန်းကို တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက စိုးမိုးထိန်းချုပ်ထားပါတယ်။ ကျန် ၂၄ ရာခိုင်နှုန်းမှာ တော်လှန်စစ်ဖြစ်ပွားနေတယ်လို့ NUG ရဲ့ ၂၀၂၄ စစ်ရေးဖြစ်ပေါ် တိုးတက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေသေးတဲ့ စစ်တိုင်း ၁၂ ခုအနက် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက စစ်တိုင်း ၂ ခုဖြစ်တဲ့ ရလခ နဲ့ တသခ၊ ရန်ကုန်တိုင်း(ရကတ)၊ နေပြည်တော်တိုင်း(နပတ) စတဲ့စစ်တိုင်း ၄ ခုကလွဲရင် ကျန်စစ်တိုင်း ၈ ခုမှာ တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မြို့တွေအနီးအထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးအရ ခြိမ်းခြောက်ခံနေရပါတယ်။ 

လားရှိုး ရမခ နဲ့ အမ်း နပခ တိုင်းစစ်ဌာနချုပ် ၂ ခုဟာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေလက်ထဲ ဘယ်လို ရောက်သွားခဲ့လဲ၊ ကျန်စစ်တိုင်း ၈ ခုဟာလည်း ဘယ်လိုခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရလဲ၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ရှမ်းပြည်တောင်းပိုင်းနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ကရော ဘယ်လိုအခြေအနေတွေရှိနေလဲဆိုတာ စစ်ကောင်စီတပ်ရဲ့ စစ်ပူမိ တိုင်းစစ်ဌာနချုပ်တွေအကြောင်း ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။ 

 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်မှာ အာရက္ခတပ်တော်-AA က အလုံးစုံးသိမ်းပိုက်မှုကို ခံခဲ့ရပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ် ၃ ဦး လက်ရဖမ်းဆီးခံခဲ့ရကာ ရခိုင်ပြည်နယ် အတွင်း မြို့ ၃ မြို့သာ စစ်ကောင်စီလက်အောက်မှာ ရှိပါတော့တယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေနဲ့ တပ်ရင်း/တပ်ဖွဲ့/ဌာနချုပ် ၈၆ ခုကို စစ်ရေးကွပ်ကဲရတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်ပြီး လက်ရှိမှာ အဆိုပါတပ်ရင်း/တပ်ဖွဲ့ ၈၀ ကျော်အနက် စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ)နဲ့ လက်အောက်တပ်ရင်းတချို့နဲ့ ရဲတပ်ရင်း ၁ ခု၊ ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်စခန်းဌာနချုပ်၊ မာန်အောင်အခြေစိုက် ရေတပ်တချို့ သာ ကျန်ရှိတော့တာပါ။

စစ်အာဏာသိမ်းပြီးနောက် လက်လွှတ်လိုက်ရတဲ့ ၂ ခုမြောက် တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ ရခိုင်ပြည်နယ်ထိုးစစ်တွေအတွင်း နပခအပြင် တပ်မဌာနချုပ် ၃ ခု ကျရှုံးခဲ့ပြီး တိုက်ပွဲတွေအတွင်း သေဆုံး/ပျောက်ဆုံးတာ၊ လက်နက်ချပူးပေါင်းတာနဲ့ အရှင်ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချုပ် ၈ ဦးအထိ ရှိခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့တွေမှာ စစ်ကောင်စီတပ်က ဆက်လက်ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကာ အာရက္ခတပ်တော်-AA ဘက်ကတော့ ဂွမြို့က စစ်ကောင်စီတပ်ရင်းတွေကို သိမ်းပိုက်ထားပြီးတဲ့နောက် လက်ကျန်မြို့တွေကိုဆက်လက်ထိုးစစ်ဆင်တာမရှိသေးဘဲ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်ကာ ပဲခူးတိုင်းအတွင်းတပ်ရင်း/တပ်ဖွဲ့/ဌာနချုပ် ၁၁၂ ခုနဲ့ နယ်မြေတွင်း စစ်ဆင်ရေးတွေကို စစ်ရေးကွပ်ကဲတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့တပခနယ်မြေဟာ ပဲခူးတိုင်းအရှေ့ခြမ်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂၊ ၃ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင် ထိန်းချုပ်နယ်မြေတွေဖြစ်ပြီး ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့အတွင်းက စစ်ကောင်စီတပ်စခန်းတချို့ သိမ်းပိုက်ခံထားရကာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

တိုင်းစစ်ဌာနချုပ်တည်ရှိရာ တောင်ငူမြို့နဲ့ တဆက်တည်းရှိ ရေတာရှည်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုင်းစစ်ဌာနချုပ်နဲ့ကပ်လျက် ကေတုမတီမြို့သစ်ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ ရှော့ဒုံးတွေနဲ့ မကြာခဏပစ်ခတ်ခံနေရပါတယ်။

အမ်း နပခ တိုင်းစစ်ဌာနချုပ် ကျရှုံးပြီးနောက် ရခိုင်ရိုးမနဲ့ နယ်မြေဆက်စပ်နေတဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့ နယ် အစပ်မှာလည်း စစ်ရေးတင်းမာမှုမြင့်တက်နေကာ ပန်းတောင်းမြို့နယ်အတွင်းက တပခ ကွပ်ကဲမှုအောက် ကပစတပ်တွေ ဆက်လက်မကျရှုံးဖို့ ခံစစ်အခိုင်အမာပြုပြင်နေရပါတယ်။

တပခ ပြီးရင် ပဲခူးတိုင်းအတွင်းက အကြီးဆုံးစစ်တပ်ဖြစ်တဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ကာကွယ်ဖို့ ပြည်နဲ့ ပန်းတောင်းမြို့နယ်အတွင်း တောင်တွေမှာ လက်နက်ကြီးတွေအထိုင်ချကာ စစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေရတာပါ။

ပဲခူးရှေ့ခြမ်း၊ နောက်ခြမ်း ၂ ခုစလုံးမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ တပခတိုင်းစစ်ဌာနချုပ်ရဲ့ လက်ရှိ တပခတိုင်းမှူးဟာ ဗိုလ်ချုပ် ကြည်သိုက် ဖြစ်ပါတယ်။

 

အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)

မြန်မာနိုင်ငံ အနောက်တောင်ဘက်ရှိ ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေစိုက်တပ် ၃၆ တပ်ကို စစ်ရေးကွပ်ကဲတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး ပုသိမ်မြို့မှာ တိုင်းစစ်ဌာနချုပ်ရုံး အခြေပြုထားပါတယ်။ 

ရခိုင်ပြည်နယ်၊ အမ်းမြို့ နပခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်တောင်ဘက်စွန်း ဂွမြို့ကို အာရက္ခတပ်တော်-AA က ဒီဇင်ဘာလနောက်ဆုံးအပတ်မှာပဲ ဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ၄ နှစ်နီးပါး စစ်ကောင်စီတပ်က ကောင်းမွန်စွာထိန်းချုပ်ထားနိုင်တဲ့ ဧရာဝတီတိုင်းမှာ လှုပ်ခတ်မှုတွေ ဖြစ်လာပါတယ်။

ပထဝီမြေပြင်အနေအထားအရ ခြေကုတ်ရယူဖို့ခက်ခဲတဲ့ ဧရာဝတီတိုင်းဟာ စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း စစ်ကောင်စီကို ဆန့်ကျင်နိုင်မှုနည်းပါးခဲ့ပေမယ့် ကမ်းရိုးတန်းတဆက်တည်းရှိ ဂွ မြို့ကို အာရက္ခတပ်တော်-AA က သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် ၎င်းတို့ ဧရာဝတီတိုင်းအတွင်း တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ပုသိမ်မြို့အပါအဝင် တပ်စခန်းတွေ တိုက်ခိုက်ခံလာရနိုင်လို့ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်မှုတွေ စတင်ပြုလုပ်လာရပါတယ်။

စစ်ငွေ့အရိပ်သန်းလာတဲ့ ဧရာဝတီတိုင်းကို အမ်းနပခ ကျဆုံးသလို မဖြစ်စေရေး စစ်ကောင်စီတပ်က နတခ စစ်တိုင်းမှူးက စတင်ကာအပြောင်းအလဲလုပ်ဆောင်ခဲ့ပြီး အခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာပဲ ယခင်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းကို အရံအင်အားပို့ဆောင်ကာ တိုင်းမှူးအသစ် ဗိုလ်ချုပ် စိုးကျော်ထက် ကို အစားထိုးလိုက်ပါတယ်။

အာရက္ခတပ်တော်-AA က အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ဆွေးနွေမယ်ဆိုတာ ရခိုင်ပြည်နယ်တခုတည်းအတွက်လားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး NUG လက်အောက် PDF တပ်ဘက်ကလည်း ဧရာဝတီတိုင်းကို တိုက်ခိုက်နိုင်ဖို့ ဧရာဝတီစစ်ဒေသခွဲဆိုကာ စစ်ဒေသအသစ်တခုဖွဲ့စည်းလိုက်ပြီး လက်ရှိမှာ ရွှေသောင်ယံကမ်းခြေအနီးအထိ ထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

 

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့အခြေစိုက်ပြီး ကရင်နဲ့မွန်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေ၊ နယ်စပ်စခန်းတွေနဲ့ တပ်ရင်း/တပ်ဖွဲ့ /ဌာနချုပ်ပေါင်း ၁၂၀ ကို ကွပ်ကဲရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။

ရတခ လက်အောက်နယ်မြေ အတွင်းမှာ တပ်မ ၄၄၊ တပ်မ ၂၂၊ စကခ ၁၂၊ စကခ ၁၉ စတဲ့ တပ်မ ၄ ခုနဲ့ အခြေချစစ်ဗျူဟာ (စဗခ) သင်္ကန်းညီနောင်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ဖာပွန် တည်ရှိကာ အဲ့ဒီထဲက သင်္ကန်းညီနောင် စဗခ နဲ့ လက်အောက်တပ်ရင်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတဲ့အပြင် ထိုင်း-မြန်မာ နယ်စပ်က စစ်ကောင်စီတပ်စခန်းတချို့လည်း လက်လွှတ်ထားရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၁ ၊ ၅ ၊ ၆ ၊ ၇ နဲ့ မွန်ပြည်သစ်ပါတီ MNSP ထိန်းချုပ်နယ်မြေတွေကို အဓိကကွပ်ကဲရတဲ့ စစ်တိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ အတွင်း မော်လမြိုင်မြို့ ရတခ အနီး ကျိုက်မရောမြို့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အပြင် ၂၀၂၄ ဧပြီလအတွင်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရတခကို ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ  တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေး မင်းနောင် နဲ့ တပ်မ ၄၄ နည်းဗျူဟာ ၄၄၁ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး တို့သေဆုံးခဲ့ပြီး နောက်ထပ်  တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ထိခိုက်ဒဏ်ရာရရှိပြီးနောက် စစ်ခုံရုံးနဲ့ အရေးယူခံထားရကာ တပ်မ ၄၄ ရဲ့ တပ်မမှူး ၅ ဦးအထိ အပြောင်းအလဲ လုပ်ထားရပါတယ်။

လက်ရှိမှာ ရတခ နယ်မြေ တပ်မဟာ ၁ နဲ့ ၅ သထုံခရိုင်နဲ့ ဖာပွန်ခရိုင်တွေမှာသာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပြီး မော်လမြိုင်ရတခအနီးမှာတော့ ထိတွေ့တိုက်ပွဲမရှိတော့သလို မြဝတီမြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပေမယ့် နယ်ခြားစောင့် BGF တပ်ဖွဲ့ကသာ ထိန်းချုပ်ထားတာပါ။

လက်ရှိ ရတခ တိုင်းမှူး ဟာ ဗိုလ်ချုပ်ကျော်လင်းမောင် ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၄ ဦးမြောက် တိုင်းမှူး ဖြစ်ပါတယ်။

 

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ)

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဟာ မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းအတွင်းက တပ်ရင်း/တပ်ဖွဲ့/ ဌာနချုပ် ၁၁၁ ခုနဲ့ နယ်မြေတွင်း စစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ စစ်တိုင်းဖြစ်ပြီး မြိတ်မြို့မှာ တိုင်းစစ်ဌာနချုပ်ရုံး အခြေစိုက်ပါတယ်။

လက်အောက်မှာ ကော့သောင်းအခြေစိုက် စကခ ၂၀ နဲ့ အခြေချစစ်ဗျူဟာ( စဗခ ကော့သောင်း)၊ ထားဝယ် စကခ ၈၊ ဘုတ်ပြင်း စကခ ၁၃ စတဲ့ စစ်ဌာနချုပ်တွေရှိပြီး စကခ ၈ နဲ့ ၁၃ ဟာ ကရင်ပြည်နယ် KNU တပ်မဟာ ၅ နဲ့  ၆ နယ်မြေအတွင်း ဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။

KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့စည်းကာ လက်ရှိကာလအထိ ခုခံတော်လှန်စစ်တွေဖြစ်ပွားနေပါတယ်။ အဓိကအားဖြင့် ထားဝယ်ခရိုင်အတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မြိတ်မြို့နဲ့အနီးတဝိုက်အထိ တိုက်ပွဲတွေရှိနေပေမယ့် တိုင်းစစ်ဌာနချုပ်နဲ့ မြို့ပေါ်တပ်ရင်းတွေကို တိုက်ခိုက်နိုင်မှုကိုတော့ မတွေ့ရသေးပါဘူး။

လက်ရှိတိုင်းမှူးဟာ ဗိုလ်မှူးချုပ် ပြည့်စုံလင်း ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၄ ဦးမြောက်တိုင်းမှူးဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ တပ်ရင်း/ တပ်ဖွဲ့/ ဌာနချုပ် ၁၅၂ ခုကို ကွပ်ကဲရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ရုံးဟာ ရန်ကုန်မြို့ ၈ မိုင်အနီးမှာတည်ရှိပါတယ်။

ရန်ကုန်မြို့တွင်းမှာ မြေအောက်ပြောက်ကျားလှုပ်ရှားမှုတချို့ကလွဲရင် တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်ရင်း/ တပ်ဖွဲ့တွေကို တိုက်ခိုက်နိုင်တာမျိုး မရှိသေးပါဘူး။

၂၀၂၁ စစ်အာဏာသိမ်းမှုကာလ အစောပိုင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဆန္ဒပြပြည်သူတွေကို လူရာနဲ့ချီ သေဆုံးအောင် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း ဟာ စစ်ခေါင်းဆောင် ယုံကြည်စိတ်ချရသူတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဒုတိယမြောက်တိုင်းမှူးဖြစ်ကာ ၎င်းရှေ့တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ကစထ ၄ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် ၂၀၂၃ အတွင်း ရာထူးတိုးနဲ့ နေပြည်တော်ရောက်ရှိသွားတာပါ။

#​မြေလတ်အသံ

#သုံးသပ်ချက်ဆောင်းပါ #စစ်ကောင်စီတပ် #စစ်ရှုံး #တိုင်းစစ်ဌာနချုပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10