တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း လက်နက်ဈေးနှုန်း ပျမ်းမျှ ၅ ဆ အထိ မြင့်တက်လာ

တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း လက်နက်ဈေးနှုန်း ပျမ်းမျှ ၅ ဆ အထိ မြင့်တက်လာ

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း မောင်းပြန်ရိုင်ဖယ် ၁ လက်ကို အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ကနေ  ၃၀၀ ကျော်အထိ ရှိနေပြီး လက်နက်ဈေးနှုန်းဟာ ပျှမ်းမျှ ၅ ဆအထိ မြင့်တက်လာတယ်လို့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းကာလအစောပိုင်းတုန်းက မောင်းပြန်ရိုင်ဖယ်တစ်လက်ရဲ့ဈေးနှုန်းဟာ ကျပ်သိန်း ၁၀၀ အောက်မှာပဲ ရှိခဲ့တာပါ။

“ဝယ်လိုအား တအားများပြီး ပစ္စည်းက ရှားတော့ ဈေးတွေက တလ၊ တလ ကို ၁၀ သိန်းလောက် တတ်လာတာ” လို့ နိုင်ငံအလယ်ပိုင်းမှာ လက်နက်အရောင်းအဝယ်လုပ်ဖူးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကျင့်သုံးကြောင်း ကြေညာပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဆီ အလုံးအရင်းနဲ့ ရောက်ရှိလာတဲ့ တပ်သားသစ်တွေကိုလည်း လက်နက်တပ်ဆင်ဖို့ရာ တပ်ဖွဲ့တိုင်းလိုလိုမှာ အခက်အခဲတွေရှိနေကြပါတယ်။   

အညာဒေသမှာ AK 47 မောင်းပြန်သေနတ် (အဟောင်း) တလက်ရဲ့ ဈေးနှုန်းဟာ အနည်းဆုံး ကျပ်သိန်း ၂၄၀ ဝန်းကျင်ရှိပြီး ကျည်ဆန်တတောင့်ဟာလည်း ကျပ် ၁၀,၀၀၀ ကျော်ရှိတယ်လို့ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း ၉ မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

RPG တလက်ကိုလည်း အနည်းဆုံး ကျပ်သိန်း ၁၇၀ မှ ကျပ်သိန်း ၄၀၀၊ ၆၀၀ အထိ ဈေးနှုန်းရှိပြီး RPG ဗုံးသီး ၁ တောင့်ဟာလည်း ကျပ် ၂၅ သိန်းဝန်းကျင်အထိ ရှိနေတယ်လို့လည်း သူကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တနိုင်ငံလုံးက PDF တွေကို ခေတ်မီမောင်းပြန်သေနတ်တွေတပ်ဆင်နိုင်ဖို့က ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ၂၀၂၃ မေလကထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြအစီရင်ခံစာမှာ ဆိုထားပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ PDF တပ်ရင်းနဲ့ စစ်ကြောင်းပေါင်း ၃၀၀ ကျော်ကို မြို့နယ် ၂၅၀ ကျော်မှာ ဖွဲ့စည်းထူထောင်ထားတယ်လို့ အဲဒီ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လိုအပ်တဲ့ မောင်းပြန်သေနတ်တွေနဲ့ ကျည်ဆန်တွေအတွက် ငွေကြေးအကန့်အသတ်ရှိနေတာ၊ လိုသလောက် လက်နက်အရေအတွက် ဝယ်လို့မရတာ၊ ဈေးနှုန်းအဆမတန် ကြီးမြင့်နေတာတွေရှိနေသလို ဒေသတွင်းမှာ လက်နက်တွေသယ်ယူပို့ဆောင်ဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ 

 #မြေလတ်အသံ

#တော်လှန်ရေး #လက်နက် #ဈေးနှုန်း #သေနတ် #ကျည်ဆန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10