တော်လှန်ရေးအဖွဲ့အယောင်ဆောင်ပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းသူကို ဖမ်းဆီးစစ်ဆေးနေ

တော်လှန်ရေးအဖွဲ့အယောင်ဆောင်ပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းသူကို ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေဆီက တော်လှန်ရေးအဖွဲ့အယောင်ဆောင်ကာ ငွေတောင်းခံနေသူကို ဖမ်းဆီးမိတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။

ကန့်ဘလူမြို့တောင်ပိုင်းက၊ ဇီးကုန်းတိုက်၊ နဂါးပေါ်ရပ်ကွက်မှာ နေထိုင်သူ အသက် ၃၀ အရွယ် ကိုသန်းထိုက်ဦး(ခ)ငသီး ဆိုသူကို ပြည်သူတွေရဲ့ တိုင်ကြားမှုနဲ့အတူ စစ်ထောက်လှမ်းရေးအဖွဲ့တွေက စက်တင်ဘာ ၁၅ရက်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

"ဖုန်းနဲ့လိမ်နေတာကတော့ ၁၀ လလောက်ရှိနေပါပြီ။ တော်လှန်ရေးအဖွဲ့က မင်းတို့ကို ဖမ်းဖို့ရှိတယ်။ မဖမ်းစေချင်ရင် ငွေလှူရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ငွေတောင်းယူတယ်"လို့ ခရိုင်တပ်ရင်း ၄ ရဲဘော်တဦးက ပြောပါတယ်။

ခြိမ်းခြောက်ခံရသူတွေဆီက အသံဖိုင်တွေနဲ့ ဆက်စပ်ကာ စောင့်ကြည့်ထောက်လှမ်းပြီး ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့တွင်းတနေရာမှာ လိမ်လည်သူ သိန်းထိုက်ဦး ကို အသာတကြည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ငွေလိမ်လည်သူ သိန်းထိုက်ဦး ကို စစ်ဆေးနေချိန်အတွင်းမှာပဲ ပြည်သူတွေဆီက လိမ်လည်ရယူခဲ့တဲ့ ငွေသိန်း ၁၀၀ ကျပ်ခန့်ကိုလည်း ပြည်လည်ရရှိပြီး ကာယကံရှင်တချို့ထံကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအယောင်ဆောင်ကာ လိမ်လည်ခဲ့တဲ့ ပြည်သူဦးရေ၊ အကြိမ်ရေပေါင်း၊ ရယူခဲ့တဲ့စုစုပေါင်းငွေသားတန်ဖိုးငွေတွေကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ တပ်ဖွဲ့ဝင်ရဲဘော်က ပြောပါတယ်။

ပြည်သူတွေအပေါ် ငွေလိမ်လည်တောင်းခံသူကို ပထမဆုံးအကြိမ် ဖမ်းဆီးမိတာဖြစ်သလို လိုအပ်တာတွေ စစ်ဆေးနေသလို MOD ကိုတင်ပြထားပြီး ညွှန်ကြားလာတဲ့အတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပုံစာ - ပြည်သူတွေထံ ငွေကြေးလိမ်လည်တောင်းခံခဲ့သူ ကိုသိန်းထိုက်ဦး။

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ကန့်ဘလူ #ငွေလိမ်လည် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10