တော်လှန်ရေးအမှန်တကယ်လုပ်ပြီး ငွေကြေးခက်ခဲတဲ့တပ်ဖွဲ့တွေကို RB16 သေနတ် ၄ လက်ထောက်ပံ့

တော်လှန်ရေးအမှန်တကယ်လုပ်ပြီး ငွေကြေးခက်ခဲတဲ့တပ်ဖွဲ့တွေကို RB16 သေနတ် ၄ လက်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် Royal Brother Defence Force တပ်ဖွဲ့က အခြားတပ်ဖွဲ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် လက်လုပ်သေနတ် ၄ လက်ကို စက်တင်ဘာလ ၂၅ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ RBDF တပ်ဖွဲ့ဆီက သိရပါတယ်။

ဒေါင်းနီတပ်ဖွဲ့နဲ့ မြင်းခြံမြို့နယ်က MGN 9 STAR တပ်ဖွဲ့မှာ စစ်ကောင်စီကိုအမှန်တကယ် တော်လှန်နေတဲ့အဖွဲ့ဖြစ်တဲ့အတွက် အခကြေးငွေမယူဘဲ၊ ၅.၅၆ ကျည်နဲ့သုံးရတဲ့ RB16 အမျိုးအစား သေနတ် ၄ လက်ထောက်ပံပေးခဲ့တယ်လို့ ဆိုပါတယ်။ 

"MGN 9 STAR တပ်ဖွဲ့ကို ၁ လက်၊ ဒေါင်းနီတပ်ဖွဲ့ကို ၃ လက်ပေးခဲ့ပါတယ်။ သူတို့အဖွဲ့တွေ ငွေခက်ခဲနေတာသိလို့ အလှူငွေမယူခဲ့ပါဘူး။ မဟာမိတ်မဟုတ်တဲ့ တခြားအဖွဲ့တွေကိုလည်း ထောက်ပံ့ပေးပါတယ်" လို့ RBDF တပ်ဖွဲ့တာဝန်ခံ ကိုရဲကြီးက မြေလတ်အသံကို ပြောပါတယ်။

 

Royal Brother Defence Force တပ်ဖွဲ့အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့ကိုသာမကဘဲ၊ မဟာမိတ်မဟုတ်တဲ့ အဖွဲ့တွေကိုလည်း လက်နက်တွေ ထောက်ပံပေးခဲ့တာ စုစုပေါင်း ၁၅ လက် ရှိပြီလို့ သူကဆက်ပြောပါတယ်။

ယခုလိုထောက်ပံ့ဖို့ကလည်း တော်လှန်ရေးကို မှန်မှန်ကန်ကန် လုပ်နေတဲ့အဖွဲ့ဟုတ်မဟုတ် စိစစ်ရသလို၊ တချို့ ရပ်ကျေးပကဖ အဖွဲ့တွေဆိုရင်လည်း ရန်ပုံငွေမရှိကြလို့ ထောက်ပံ့ပေးရတာတွေရှိတယ်လို့ ဆိုပါတယ်။

ယခုလို လက်နက်တွေကိုအခက်အခဲရှိတဲ့ တပ်ဖွဲ့တွေအတွက် ထောက်ပံ့ပေးနေသော်လည်း၊ လက်နက်ထုတ်လုပ်ရေးပိုင်းမှာ လိုအပ်တဲ့ပစ္စည်းတွေ ပြန်လည်ဝယ်ယူတဲ့အခါ စျေးနှုန်းတွေမြင့်တက်နေတဲ့အတွက် ကြိုးစားရုန်းကန်နေရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်လက်နက်ပစ္စည်း #ထောက်ပံ့ #RBDF #စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ဒေသကာကွယ်ရေးတပ်ဖွဲ့ #မဟာမိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10