တော်လှန် ကျီးကန်း (ရုပ်ပုံလွှာ)

တော်လှန် ကျီးကန်း (ရုပ်ပုံလွှာ)

“ငါကပဲ...ပြတ်တာလား

ကမ္ဘာကပဲ...ဖြတ်တာလား

ငါတို့....အဆက်ပြတ်သွားကြတယ်။

ပြတ်တောက်မှုမှာ....ခြေတွေ လက်တွေ ပါသွားကြတယ် 

ပြတ်တောက်မှုမှာ....အသက်တွေ ပါသွားကြတယ် 

ပြတ်တောက်မှုမှာ . . . အနာဂတ်နဲ့ ချစ်မေတ္တာတွေ ပါသွားခဲ့ကြတယ်” 

ဒီစာသားဟာ ကျီးကန်းရဲ့ ‘ပြတ်တောက်မှု’ ဆိုတဲ့ ကဗျာထဲက ဖြစ်ပါတယ်။

ကျီးကန်းက ကဗျာဆရာ မဟုတ်ပါဘူး။ လူငယ်ကင်မရာသမားပဲ ဖြစ်ပါတယ်။ 

သူရေးတဲ့ကဗျာပါ စာသားက သူ့ရဲ့ လက်ရှိအနေအထားကို ထင်ဟပ်နေစေပါတယ်။ 

ဘာလို့လဲဆိုတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း သူ့ညာခြေထောက်၊ သူ့ညီနဲ့ သူ့အမေကို ဆုံးရှုံးလိုက်ရလို့ပါပဲ။

 

ကျီးကန်းရဲ့ မူလနာမည်က ကောင်းကောင်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှ သူ့နာမည်က ကျီးကန်းလို့ တွင်သွားတာပါ။ 

၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်က ကောင်းကောင်းဟာ အတိုင်းအတာတခုအထိ အောင်မြင်ပေါက်ရောက်နေခဲ့တဲ့ လူငယ်ကင်မရာသမားတဦးဖြစ်ပါတယ်။ 

 

ကုန်ပစ္စည်းပရိုမိုးရှင်းပွဲတွေ၊ ကြော်ငြာတွေ၊ အားကစားပွဲတွေ၊ ဂီတဖျော်ဖြေရေးတွေ၊ မြူးဇစ်ဗီဒီယိုတွေကို သူ့ညီအရင်းနဲ့အတူ လိုက်ရိုက်ရင်း အသက်မွေးနေခဲ့ပါတယ်။ 

သူအဓိကအားသန်တာကတော့ ဂင်ဘ်လ်(Gimble)နဲ့ ပြေးပြေးလွှားလွှားရိုက်ရတာဖြစ်ပြီး ဝါသနာတူ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သူ့အတွေ့အကြုံတွေ မျှဝေနေခဲ့သူပါ။ 

ရတဲ့ဝင်ငွေကို မိသားစုအသုံးစရိတ်နဲ့ သူလိုချင်တဲ့ ကင်မရာပစ္စည်းစရိတ်အတွက် ခွဲတမ်းချရင်း ဗျာများနေတတ်ပါတယ်။ 

သူ့ရဲ့ ပြက္ခဒိန်မှာ အလုပ်ရက်ချိန်းတွေကလည်း ပြည့်နေလေ့ရှိပါတယ်။  အာဏာသိမ်းတဲ့ ၂၀၂၁ နှစ်ဦးပိုင်းမှာဆို နားရက်ရယ်လို့ ခပ်ရှားရှားပါပဲ။ 

“ကျနော့်အိပ်မက်က Gimbleနဲ့ ရိုက်တဲ့ Stadium Operator ဖြစ်ချင်တာ။ အာဏာသာမသိမ်းခဲ့ရင် စင်ကာပူမှာ Gimbleနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ သွားတက်မလို့ပဲ” လို့ သူက ပြောပါတယ်။ 

 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့ တခြားလူငယ်တွေနည်းတူ ဖြစ်ချင်တာတွေ၊ ရည်ရွယ်ထားတဲ့ အိပ်မက်တွေကို ခဏမေ့ထားပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေမှာ သူလည်းပါဝင်ခဲ့ပါတယ်။

 

အာဏာမသိမ်းခင်က သူအလုပ်လက်ခံခဲ့တဲ့အထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အ‌ပေါင်းအပါအသိုင်းအဝိုင်းရဲ့ အခမ်းအနားတွေ၊ အကြီးစားလုပ်ငန်းရှင်တွေ၊ ခရိုနီတွေရဲ့ စီးပွားရေးကြော်ငြာပရိုမိုးရှင်းပွဲတွေ ပါဝင်ပါတယ်။ 

 ဒီလိုပွဲတွေမှာ သူကြားခဲ့တဲ့ စကားတချို့က သူ့လို ကိုယ့်ခြေ၊ ကိုယ့်လက်၊ ကိုယ့်ဉာဏ်အားကိုးနဲ့ ဝင်ငွေရှာနေတဲ့ လူငယ်တယောက်အတွက် ဘဝင်မကျစရာတွေ ဖြစ်ခဲ့ရပါတယ်။

 

“သူတို့က အမြဲတမ်း အခွင့်ထူးခံလူတန်းစားတရပ်အဖြစ် ရှိချင်တာ။ တန်းတူညီမျှမှုတွေ၊ တရားမျှတမှုတွေနဲ့ပတ်သက်ရင် လုံးဝလက်မခံဘူး။ သူတို့အချင်းချင်း စကားဝိုင်းတွေမှာ ပြောနေတဲ့ တချို့နားစွန်နားဖျားကြားရတဲ့ စကားလုံးတွေက လုံးဝကန့်လန့်ကြီး” လို့ သူက ပြောပါတယ်။ 

 

ဒီလို အာဏာရှိ ကြေးရတက်လူတန်းစားတွေရဲ့ စကားသံတွေကလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲတွေမှာ သူ့ကိုတက်ကြွစွာပါဝင်စေခဲ့တဲ့ အကြောင်းအရင်းတခု ဖြစ်‌စေခဲ့ပါတယ်။ 

 

ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူထုရဲ့ ဒေါသဟာ အတိုင်းအဆမရှိ ပေါက်ကွဲထွက်ကုန်ကြပါတယ်။ 

 

အာဏာသိမ်းပြီး ၆ လအတွင်းမှာတင် အာဏာသိမ်းစစ်တပ်ရဲ့ လက်ချက်ကြောင့် လူအယောက် ၁,၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

အိမ်ထဲမှာနေတဲ့ ၅ နှစ်အရွယ်ကလေးပါမချန် ပစ်သတ်ခံရတာဖြစ်ပြီး စစ်ကြောရေးမှာ သေဆုံးခဲ့လို့ မိသားစုက အလောင်းလိုက်ထုတ်ရတဲ့ သတင်းတွေကလည်း နေ့စဉ်ကြားနေရပါတယ်။  

 

စစ်တပ်ရဲ့ လက်နက်အားကိုးနဲ့ ကြမ်းချင်တိုင်း ကြမ်းနေတာကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့ လူငယ်တွေကတော့ လက်နက်ကိုင်ပြီး ပြန်လည်ခုခံရမယ်ဆိုတဲ့ အသိစိတ်ဝင်သွားကြပါတယ်။ 

 

ဓာတ်ပုံဗီဒီယိုနယ်ပယ်မှာ အရှိန်ရနေတဲ့ ကိုကောင်းကောင်းနဲ့ သူ့ညီလည်း လက်နက်ကိုင်ဖို့  လွတ်မြောက်နယ်မြေတခုကို သွားရောက် စစ်သင်တန်းတက်ခဲ့ကြပါတယ်။

 

“ကိုယ့်အားကိုယ်ကိုးပြီး လုပ်မှရမယ်ဆိုတဲ့အခါ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ” လို့ သူကပြောပါတယ်။   

 ကာလတို စစ်သင်တန်းတတ်ပြီးတဲ့နောက် သူတို့ညီအကိုနှစ်ဦးဟာ ရန်ကုန်မှာ ပြန်နေပြီး မြေအောက် ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ 

 

မြို့ပြမှာ အာဏာသိမ်းစစ်တပ်က သန်းခေါင်စာရင်းစစ်၊ အိမ်တွေဝင်စီး၊ ဖုန်းတွေစစ်ဆေးပြီး အုပ်ချုပ်ရေး ယန္တရားခိုင်မြဲအောင် တင်းကျပ်လာရာ တော်လှန်ရေးသမားတွေအတွက် ခွင်ကျဉ်းလာပါတယ်။ 

 

သူတို့ညီအကိုနှစ်ဦီးလည်း နှစ်ကုန်ပိုင်းမှာ တောထဲပြန်ဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ နယ်မြေမှာ မြန်မာစစ်တပ်ကို တိုက်ခိုက်ပါတော့တယ်။ 

 

“ကျနော်တို့ စစ်ရေးကိစ္စတွေ တောက်လျှောက်လုပ်ခဲ့တယ်။ ရှေ့တန်းထွက်တယ်၊ တိုက်တယ်။ တောက်လျှောက်ပဲ” လို့ သူကပြောပါတယ်။

 

ဒါပေမဲ့ ၂၀၂၂ ဧပြီ  ၅ ရက် ညပိုင်းမှာတော့  ရှေ့တန်းကစခန်းမှာ မိုင်းမတော်တဆပေါက်ကွဲမှုဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို သူ ဆက်မလုပ်နိုင်တော့ပါဘူး။ 

 

အဲဒီညက သူကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလို ပေါက်ကွဲမှုမျိုး နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရပြီး သူ့ခြေထောက်တဖက်နဲ့ သူ့ညီရဲ့အသက် ဆုံးရှုံးသွားခဲ့ရပါတယ်။ 

 

အဲဒီနေ့က ‌သူတို့စခန်းရှိရာအနီးကို ရန်သူစစ်ကြောင်းထိုးတဲ့သတင်း ကြားရတဲ့အခါ ကျည်မရှိတာကြောင့် ဒရုန်းနဲ့ မိုင်းချပြီး လက်ဦးမှုယူ တိုက်ခိုက်ဖို့ သူတို့တပ်ဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

 

ညပိုင်းမှာ မိုင်းထုတ်လုပ်ရေးလေ့ကျင့်ထားတဲ့ သူတို့ရဲဘော်တွေဟာ ရှိတဲ့ပစ္စည်းတွေနဲ့ မိုင်းလုံးနေကြစဉ် လိုနေတဲ့ယမ်းတွေကို ခပ်ငယ်ငယ် ရဲဘော်တယောက်က လာပို့ပါတယ်။

    

ညမိုးချုပ်ပြီဖြစ်တာရော မနက်ကျ တပါတည်း ရှေ့တန်းလိုက်မှာ ဖြစ်တာကြောင့် ယမ်းလာပို့တဲ့ ရဲဘော်ငယ်က မပြန်တော့ဘဲ သူတို့အနဲ့တူ မိုင်းဝင်လုံးရာ ကပ်သီးပွင့်ပြီး လုံးထားတဲ့ မိုင်းတွေ ပေါက်ကွဲကုန်ပါတယ်။ 

 

မီးလောင်ဗုံး ၃ လုံးအပါ မိုင်းအားလုံး ၂၃ လုံးဖြစ်တာကြောင့် သူတို့စခန်းအဆောက်အုံလည်းပွင့်ပြီး လူတွေလည်း လွင့်ထွက်ကုန်ပါတယ်။ 

 

“မီးပွင့်တာကို သိလိုက်တယ်။ လွင့်သွားတာကို မသိလိုက်ဘူး။ ပြန်ပြုတ်ကျတာကို သိလိုက်တယ်။ သိတဲ့အချိန်မှာ ငုတ်တုတ်ကြီး။ ကြည့်လိုက်တော့ နေရာအကုန်လုံးက မီးလောင်နေတယ်။ အဲဒါလုံးဝ ရုပ်ရှင်ထဲကအတိုင်းပဲ၊ စလိုးမိုးရှင်းနဲ့။ နားထဲမှာ ‘စီ’ ဆိုပြီး။ ပထမ တလုံးပဲကြားလိုက်တယ်။” လို့ သူကပြောပါတယ်။

 

“ကျီးကန်း...ကျီးကန်း” ဆိုပြီး သူ့ညီရဲ့ အသံနက်နဲ့ အော်ခေါ်သံကြားတဲ့အခါ  သတိဝင်လာပြီး သွားကယ်ဖို့ ရှိသမျှအားယူပြီးထလိုက်ရာ ထမရဘဲ ပြန်လဲကျသွားပါတယ်။ 

 

ခြေထောက်ဆီကို ငုံကြည့်တဲ့အခါ သူညာခြေထောက်က ဒူးဆစ်အောက် ခြေသလုံးနေရာကနေ ထက်ပိုင်းပြတ်နေပြီး သွေးတောက်တောက်ကျနေတာကိုတွေ့ရာ ‌ခဏတာ ငေးကြောင်သွားပါတယ်။

 

ငေးကြောင်ကြည့်နေစဉ်မှာပဲ နောက်တလုံး ထပ်ပေါက်ကွဲပြီး လွင့်ထွက်လာတဲ့ စတီးချောင်းတခုက သူခေါင်းကို ဝင်စိုက်ရာ မျက်နှာပေါ်သွေးတွေ စီးကျလာပြန်ပါတယ်။ 

 

အဲဒီနောက် သူကိုယ်နဲ့မကွာဆောင်ထားတဲ့ အရေးပေါ်ဆေးပစ္စည်းတွေထဲက သွေးထိန်းပတ်တီးနဲ့  သူ့ခြေထောက်ကို ယူစည်းပြီး တခြားရဲဘော်တွေကို ကူညီဖို့အော်ခေါ်ပါတယ်။  

 

ဒါပေမဲ့ အနီးအနားက မိုင်းတွေ ယမ်းတွေ အဆက်မပြတ်ပေါက်ကွဲနေတာကြောင့် ဘယ်သူမျှ သူတို့ဆီကို ရောက်မလာနိုင်ကြပါဘူး။ ဘေးပတ်ဝန်းကျင်တခုလုံးမှာလည်း  မီးတွေဝိုင်းနေပါတယ်။  

 

တကယ်က မိုင်းပေါက်ကွဲနေတာကို သူ့အကြားအာရုံက မသိတော့ဘဲ ကုန်းအော်နေတာသာဖြစ်ပါတယ်။ 

 

သူ့ညီဆီကမူ ဘာအသံမျှ ထပ်မကြားရတော့ဘဲ ငြိမ်သက်တိတ်ဆိတ်သွားပါတယ်။

  

“ကျနော့်ညီဆို မီးသွေးတုံးလိုပဲ မီးလောင်သွားတာ”  လို့ သူညီ သေဆုံးသွားခဲ့တဲ့ ပုံစံကိုပြောပြပါတယ်။ 

 

အဲဒီပေါက်ကွဲမှုကြောင့် သူ့ညီအပါအဝင် ၆ ယောက်က ပွဲချင်းပြီးသေဆုံးပြီး သူအပါအဝင် ၃ ယောက်က ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ 

 

ပေါက်ကွဲပြီးပြီးချင်းညမှာပဲ တပ်ဖွဲ့ဝင်တွေက သူ့အမေကို ဖုန်းဆက်ပြီး အကြောင်းကြားရာ သူ့အမေဆီက အားလုံးထင်မှတ်မထားတဲ့ တုံ့ပြန်မှုမျိုးကို ရခဲ့တာကြောင့် အံ့သြတကြီးဖြစ်ကုန်ကြပါတယ်။

 

“ဘာမှာချင်လဲလို့ မေးတော့ ကျမသားတွေကို ဘာလုပ်ပေးပါ၊ ညာလုပ်ပေးပါ တခုခုပြောရမယ့်ဟာကို။ အဲ့လိုမပြောဘူး။ အမေပြောလိုက်တာကတော့ တော်လှန်ရေးအမြန်ဆုံး အောင်ပါစေတဲ့” လို့ သူ့အမေရဲ့ အမှာစကားကို သူက ပြန်ပြောပြပါတယ်။  

 ညီအကိုနှစ်ဦး လက်နက်ကိုင်ဖို့ တောထဲထွက်သွားချိန်က  သူတို့အမေဟာ အသည်းကင်ဆာနောက်ဆုံးအဆင့် ခံစားနေရတဲ့ ဝေဒနာသည်ဖြစ်ပါတယ်။ အာဏာမသိမ်းခင်က အစိုးရဆေးရုံမှာ ကင်ဆာဆေး၂ ကြိမ်သွင်းထားခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ ဆေးရုံကိုထပ်မသွားတော့ပါဘူး။

 

သားနှစ်ယောက် တောခိုမယ်လို့ သိရချိန်မှာ မိခင်တယောက်အနေနဲ့ ခွင့်မပြုချင်ပေမယ့် ခွင့်ပြုပေးလိုက်ပြီး  “နင်တို့ ကောင်းကောင်းမွန်မွန်ပြန်လာခဲ့။ ငါနင်တို့ကို ကြိုဖို့ သပြေပင်စိုက်ထားတယ်” လို့ သူ့အမေက မှာခဲ့ပါသေးတယ်။ 

 

ဒါပေမဲ့ သူ့အမေမျှော်လင့်ထားသလို သားတွေကို သပြေခက်နဲ့ မကြိုလိုက်ရပါဘူး။ မိုင်းပေါက်ကွဲမှုဖြစ်လို့ သူ့ညီဆုံးပြီး လပိုင်းအကြာမှာ သူ့အမေလည်း ဆုံးပါးသွားခဲ့ပါတယ်။

 

သူ့ခြေထောက်က စတီးရိုးထည့်ပြီး ပြန်တေ့ဆက်ထားပေမယ့် အကောင်းအတိုင်းမဖြစ်တာကြောင့် နောက်တလကျော် အကြာမှာ ဆေးရုံမှာ ပြရပါတယ်။  

 

၂ နှစ်လောက် အချိန်ယူကာ ဆေးသောက်ပြီး စနစ်တကျကုသမှသာ ပြန်ကောင်းလာနိုင်မှာဖြစ်ပြီး ဒီအတိုင်းနေရင် ဖြတ်ပစ်ရလိမ့်မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။  

 

ဒါပေမဲ့ ကုန်ကျစရိတ်များတာနဲ့ ကာလကြာရှည် ပြုစုပေးနိုင်မယ့်သူမရှိတာကြောင့် ဖြတ်ပစ်လိုက်ဖို့သာ ကျီးကန်းက ဆုံးဖြတ် ချက်ချလိုက်ပါတယ်။ 

 

ဖြတ်ရတဲ့အခါ မေ့ဆေးမဟုတ်ဘဲ ထုံးဆေးပေးထားတာကြောင့် ခွဲစိတ်ခန်းသုံးကိရိယာတွေနဲ့ သူ့ခြေထောက်ကို ဖြည်းဖြည်းချင်းဖြတ်ထုတ်နေတာကို အတိုင်းသား မြင်နေရပါတယ်။  

 

“ခြေထောက်ကို ဖြတ်နေတဲ့အချိန်က တကယ့်အနှစ်ကြီး။ ၂၉ နှစ်လုံး ကိုယ်နဲ့အတူရှိနေတဲ့ အရာတခု ဆုံးရှုံးလိုက်ရတဲ့ ခံစားမှုမျိုးပေ့ါ” လို့ သူက ပြောပါတယ်။ 

 

ဖြတ်ပြီးလို့ ပြတ်ထွက်သွားတဲ့ ခြေထောက်ကို အမှိုက်ပုံးထဲ ထည့်လိုက်တဲ့အထိကို တစိမ့်စိမ့်နဲ့ လိုက်ကြည့်နေခဲ့မိပါတယ်။

အဲဒီနေ့ကစလို့ ချိုင်းထောက်နဲ့ တလခွဲ‌လောက်နေပြီး နောက်ပိုင်းမှာ ခြေအတုနဲ့ အစားထိုးလိုက်ပါတယ်။ 

ညီ၊ အမေနဲ့ ခြေထောက်တဖက် ဆုံးရှုံးရပြီးနောက်မှာ လက်နက်ကိုင် တော်လှန်‌ရေးရဲဘော်ဘဝက ရပ်ဆိုင်းသွားပြီး သူ့ရဲ့ မူလအလုပ် ကင်မရာသမားဘဝကို ပြန်ရောက်သွားပါတယ်။

 

အာဏာမသိမ်းခင်ကလို စီးပွားရေးလုပ်ငန်းကြီးတွေကို လက်ခံ ရိုက်တာမျိုးမဟုတ်တော့ဘဲ အနုပညာနဲ့ တော်လှန်ရေးအတွက် အဓိကထား ရိုက်ပေးနေတာဖြစ်ပါတယ်။   

“ချိုင်းထောက်နဲ့ပဲ ကမ္ဘာကြီးကို အလှဆင်ပါဆိုတဲ့ ကရင်နဲ့ မြန်မာစပ်ဆိုတဲ့သီချင်းကို ရိုက်တော့ ကင်မရာပြန်ကိုင်ဖြစ်တာ ပထမဦးဆုံးပဲ။ အဲဒီဖီလင်ကို ကြိုက်တယ်” လို့ သူက ပြောပါတယ်။ 

မပြီးဆုံးနိုင်သေးတဲ့ တော်လှန်ရေးအတွက် ခြေထောက်ရှိစဉ်ကလို စစ်ရေးလှုပ်ရှားမှုတွေဆက်လုပ်ချင်ပေမယ့် အားမတန် မာန်လျှော့လိုက်ရပါတယ်။ 

အာဏာမသိမ်းခင်ကလို ဂင်ဘယ်လ်နဲ့ အပြေးအလွှားရိုက်ရတာမျိုး မလုပ်နိုင်တော့ဘဲ ခြေအတုကိုသာ အားပြုပြီး စွမ်းသလောက်ရိုက်ကူးနေပါတယ်။   

အာဏာသိမ်းမှုဆန့်ကျင်နေတဲ့ အနုပညာသမားတွေရဲ့ ဓာတ်ပုံတွေ၊ မြူးဇစ်ဗီဒီယိုတွေ၊ ရုပ်ရှင်တွေနဲ့ ရန်ပုံငွေကြော်ငြာတွေကို သူလိုက်ရိုက်ပါတယ်။

   

မကြာသေးခင်က ထွက်ထားတဲ့ ဒါရိုက်တာဏကြီးရဲ့ ‘မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်’ ရုပ်ရှင်မှာ ကင်မရာသမားတာဝန်ကနေ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

 

တချိန်က တိုင်းအဆင့် လက်ရွေးစင်ဘောလုံးသမားတယောက်ဟာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးလုပ်ရင်း ခြေထောက်တဖက်ပြတ်ခဲ့တဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရတာပါ။ 

“အစတုန်းက ကိုဏကြီးက ဒီဇာတ်ကားရိုက်ဖို့ တိုင်ပင်နေတာ။ သရုပ်ဆောင်ရမယ်လို့ မပြောသေးဘူး။ နောက်မှ သရုပ်ဆောင်ဖြစ်တာ။ ဇာတ်လမ်းထဲကလို‌ ဘောလုံးသမားမဟုတ်ပေမယ့် အပြင်နဲ့ တော်တော်လေးနီးစပ်ပါတယ်” လို့ သူက ပြောပါတယ်။ 

အဲဒီရုပ်ရှင်ကားဟာ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ထိုင်ဝမ်၊ သြစတေးလျ၊ ပြင်သစ်၊ မလေးရှား၊ ဂျပန်၊ ယူကေ အပါအဝင် နိုင်ငံပေါင်း ၁၄ ခုမှာ ပြသနိုင်ခဲ့ပြီး တော်လှန်ရေးထောက်ပံ့ငွေတွေလည်း ရရှိခဲ့ပါတယ်။ 

၂၀၂၁ နှစ်ဦးပိုင်းကတည်းကစခဲ့တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဟာ  ၃ နှစ် နီးပါးကြာလာတဲ့အထိ လူထုရဲ့ အသက်နဲ့ ဘဝပေါင်းများစွာဟာ စတေးပြီးရင်း စတေးနေရပါတယ်။  

အေအေပီပီရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၄,၀၀၀ နီးပါးနဲ့ အသတ်ခံရသူ ၃,၇၀၀ ကျော်ရှိပါပြီ။ 

 

ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခြေပေါင်း အနည်းဆုံး ခြောက်သောင်းကျော်နဲ့ အညာဒေသမှာ စစ်ဘေးရှောင်ဦးရေ ကိုးသိန်းကျော် ရှိသွားပါပြီ။

ကျီးကန်းခေါ် ကောင်းကောင်းလည်း နွေဦးတော်လှန်ရေးကာလအတွင်းမှာ  ညီနဲ့ အမေကို ဆုံးရှုံးပြီး ခြေထောက် တဖက်ကိုလည်း တော်လှန်ရေးအတွက် ပေးဆပ်လိုက်ရပါတယ်။ 

ဒီလိုပေးဆပ်ထားရသည့်တိုင် တော်လှန်ရေးကို မပြီးနိုင်သေးဘူးလားလို့ဆိုတဲ့ မေးခွန်းအတွက်တော့ သူ့မှာ ဖြေစရာစကားတခုရှိနေပါတယ်။ 

 

“အကုန်လုံးသာပါခဲ့ရင် ပွဲက အမြန်ဆုံးပြီးမှာ။ အကုန်လုံးမပါတော့ တော်လှန်ရေးက ကြာနေတာ”

 

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်ပုံလွှာ #တော်လှန်ကျီးကန်း #ကျီးကန်း #ကောင်းကောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10