ထင်းခြောက်လိုက်သယ်တဲ့ ၈ နှစ်အရွယ် စစ်ရှောင်ကလေး ပိုးထိသေဆုံး

ထင်းခြောက်လိုက်သယ်တဲ့ ၈ နှစ်အရွယ် စစ်ရှောင်ကလေး ပိုးထိသေဆုံး

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်နေတဲ့ အသက် ၈ နှစ်အရွယ်ကလေးတဦး ပိုးထိသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ရှောင်နေရတဲ့ ဝက်သအင်းရွာက အသက် (၈) နှစ်အရွယ် မောင်မိုးဟိန်း ဟာ ဧပြီလ ၁၅ ရက်နေ့ ည ၈ နာရီချိန်လောက်မှာ မိသားစုနဲ့အတူ ထမင်းချက်ဖို့ ထင်းများ သွားရောက်သယ်ယူချိန်မှာ သူရဲ့လက်ကို မြွေပွေးကိုက်တာကို ခံလိုက်ရတာ ဖြစ်ပါတယ်။


“သူတို့က စစ်ရှောင်တဲမှာ နေနေကြတာ၊ မနက်ဖြန်အတွက် ထမင်းချက်ဖို့ ထင်းသွားပွေ့တာသူ့လက်ကို အကောင်တကောင် ကိုက်လိုက်တာပဲ သိတာ။ ဘာကိုက်တယ်ညာကိုက်တယ်ဆိုတာတော့ မသိဘူး ကလေးဆိုတော့လေ။ အိပ်ယာဝင်တဲ့အချိန်မှာ ကလေးကပုံမှန်မဟုတ်တော့ သူ့အမေက မေးတော့မှ သူ့လက်ကို အကောင်တကောင် ကိုက်သွားတယ်လို့ ပြောတယ်။ အဲခါမှ ကျနော်တို့ဆီ လာပြတယ်” လို့ ကိုးတောင်ဘို့တိုက်နယ် စစ်ရှောင်ကူညီရေးတာဝန်ခံက ဆိုပါတယ်။

မြွေကိုက်ခံရပြီး နာရီဝက်လောက်အကြာမှ ဆေးပေးခန်းကို ရောက်လာခဲ့တဲ့အတွက် မြွေဆိပ်ဟာ ခန္ဓာကိုယ်အနံ့မှာ ပြန့်ပွားနေပြီး ဆေးဝန်ထမ်းတွေက မြန်မာ့ဆေးဝါးလုပ်ငန်း(BPI) ထုတ်မြွေဆိပ်ဖြေဆေး ၂ လုံးထိုး ပေးလိုက်ပေမယ့် စစ်ရှောင်စခန်းမှာ ဆေးဝါးလုံလောက်စွာ မရှိတဲ့အတွက် ကလေးကို ညတွင်းချင်း ကောလင်းမြို့နယ်ဘက်ကို ဆက်လက်လွှဲပြောင်းပေးလိုက်တယ်လို့ တာဝန်ခံက ဆက်ပြောပါတယ်။

“ကျနော်တို့ဆီ ရောက်လာတဲ့အချိန် ကလေးကို သွေးတွေ၊ ဆီးတွေ စစ်တဲ့အခါ ပိုးထိတဲ့လက္ခာဏာကို စတွေ့တယ်။ သွေးတွေက ပုံမှန်အနေအထားဆို မခဲဘူး။ သူ့သွေးကိုစစ်တဲ့အခါ ခဲနေတယ်။ ဆီးကိုချက်ပြီး ပြန်စစ်တဲ့အခါ အဆိပ်သွားတွေ့တယ်။ ကျနော်တို့ဆီ ရောက်လာတော့အဆိပ်တွေက ကလေးရဲ့ကျောက်ကပ်တွေ အထိရောက်နေပြီး အချိန်ကတော်တော်နောက်ကျသွားတယ်” လို့ ဆိုပါတယ်။

ကောလင်းမြို့နယ်က ဆေးပေးခန်းမှာလည်း ကလေးကို BPI ထုတ် မြွေဆိပ်ဖြေဆေး ခြောက်လုံးနဲ့ အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးတလုံး ထပ်မံထိုးပေးပြီး ကုသခဲ့ပေမဲ့လည်း ကလေးရဲ့ခန္ဓာကိုယ်ထဲမှာ မြွေဆိပ်တွေ ပျံ့နှံ့သွားတဲ့အတွက် ဧပြီလ ၁၇ ရက်နေ့ အဲဒီဆေးပေးခန်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ မောင်မိုးဟိန်းအပါ မြွေကိုက်ခံရပြီး သေဆုံးတာ ၅ ဦးထက်မနည်းရှိပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လမှာ ကန့်ဘလူခရိုင်ထဲက စစ်ရှောင်ပြည်သူ ၄ ဦး ပိုးထိခဲ့ပေမဲ့လည်း အချိန်မှီကုသပေးနိုင်ခဲ့တဲ့အတွက် အသက်သေဆုံးမှု မရှိခဲ့ဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10