ထန်းကြီးရွာကို စစ်ကောင်စီမီးရှို့

ထန်းကြီးရွာကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ နယ်က ထန်းကြီးကျေးရွာကို သြဂုတ်လ ၂၄ ရက်ဒီနေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ဝန်းကျင်နဲ့ သြဂုတ်လ ၂၃ ရက်မနေ့နေ့လယ် ၁ နာရီလောက်ကတည်းက ရွာထဲကို ဝင်ရောက်နေထိုင်နေတာဖြစ်ပြီး ဒီနေ့လယ်ပိုင်းမှ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“စစ်** တွေက ပဒူကနေ ခက်ခ၊ ခက်ခကနေ စမွန်း၊ စမွန်းကနေ ကျွန်းဦးတော၊ ကျွန်းဦးတောကနေ ထန်းကြီးရွာတွေကို ဝင်ပြီး မီးရှို့တော့တာဘဲ။ သူတို့က သံလမ်းပြင်နေပြီးတော့ သံလမ်းအနီးက စစ်ကိုင်း - ဝက်လက် အစပ်ကရွာတွေကို တပ်ဖြန့်ထားပြီး မီးရှို့တာတွေ လုပ်နေတာ။ အခုချိန်ထိလည်း ထန်းကြီးရွာထဲမှာ ရှိနေတုန်းဘဲ ” လို့ ဝက်လက်မြို့ခံတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်းကြီးကျေးရွာထဲမှာပဲ ရှိနေသေးတဲ့အတွက် မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ထန်းကြီးကျေးရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး ရွာသားတွေဟာ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာလည်း ထန်းကြီးကျေးရွာက နေအိမ် ၄၀၀ လောက်ကို စစ်တပ်က မီးရှို့ခဲ့တာကြောင့် အဲ့ဒီအချိန်ကစပြီး ဒေသခံအများစုဟာ ၎င်းတို့ပိုင်တဲ့ လယ်ယာကွက်တွေနဲ့ တောစပ်အချို့မှာ ယာယီတဲအိမ်တွေ တည်ဆောက်နေထိုင်ခဲ့ကြသလို အချို့ကလည်း ဆွေမျိုးတွေရှိရာကို တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။  

ခုလို စစ်တပ်က စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်တကြောကို စစ်ကြောင်းထိုးနေတာကြောင့် စမွန်း၊ ခက်ခ၊ ကျွန်းဦးတော၊ ထန်းကြီးရွာ စတဲ့ ကျေးရွာကဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ စစ်ကိုင်းတိုင်းအတွင်းမှာ နေအိမ်ပေါင်း ၅၉၀၀၀ (၅၉၂၂၅) ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က ဖော်ပြထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဝက်လက် #ထန်းကုန်း #စစ်ကောင်စီ #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10