ထန်းရည်ခိုးသောက်တဲ့ ရဲဘော်တွေ အပြစ်ပေးခံရ (ရုပ်/သံ)

မကွေး၊ မတ် ၁၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာရှိတဲ့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ဟာ စခန်းမှာ ထန်းရည်ခိုးသောက်တာမိသွားတဲ့အတွက် အပြစ်ပေးခြင်းခံရပါတယ်။

စခန်းထဲက ရဲဘော် ၂၁ ယောက်ဟာ ချောင်းထဲမှာ ရေဆင်းချိုးချိန် ထန်းရည်ခိုးသောက်နေကြတာကို အရာရှိတချို့က ထန်းရည်သောက်နေတာ မြင်သွားတဲ့အတွက် အခုလို အပြစ်ပေးခြင်းဖြစ်တယ်လို့ ဆိပ်ဖြူဘာမထီပြန်ကြားရေးတာဝန်ခံ မိုက်ကယ်က ပြောပါတယ်။

“အစက သူတို့တွေ ရေသွားချိုးသလိုလိုဘာလိုလိုပေါ့။ ကျနော်တို့လည်း စကားပြောနေကြတယ်ထင်တာ။ သွားကြည့်တော့မှ ထန်းရည်ခွက်ကိုယ်စီနဲ့ ထန်းရည်သောက်နေကြတယ်။ မိသွားတော့ သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ သူတို့ရှေ့မှာ ပုန်းချထားတယ် အဲဒီပုန်းထဲက ရေမပြည့်မချင်းသူတို့ကို မှောက်ထားခိုင်းတယ်။ အပြစ်ခံရတဲ့ ရဲဘော်တွေများတော့ မကြာပါဘူး ရေက ခဏလေးနဲ့ပြည့်သွားတယ်”လို့ ဆိုပါတယ်။

စခန်းမှာ ရှိတဲ့ အမျိုးသမီး ရဲဘော်တချို့ကလည်း စကားကျယ်ကျယ်ပြောခြင်း၊ စိတ်ဆိုးစိတ်ကောက်လွယ်ခြင်းတို့ကိုလည်း အပြစ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ရှေ့တန်းမသွားရတဲ့အချိန် နဲ့ နားရက်တွေမှာဆိုရင် စခန်းမှာရှိတဲ့ ရဲဘော်တွေကို အစုအဖွဲ့နဲ့ နေထိုင်တတ်ဖို့အတွက် ခြင်းခတ်၊ ဘော်လုံးကန်ခြင်း စတဲ့အားကစားတွေကိုလည်း ပြုလုပ်ပေးလေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

"အဓိကက ရဲဘော်လေးတွေကို အားကစားလုပ်ပေးတာပါ။ အဖွဲ့နဲ့လှုပ်ရှားတတ်အောင်လို့ရယ် စုပေါင်းပြီး လုပ်တတ်အောင်ပေါ့ တယောက်နဲ့တယောက် တိုင်တိုင်ပင်ပင်လုပ်တတ်အောင် သူတို့လေးတွေကို လုပ်ပေးဖြစ်တာပါ" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းရဲ့ မနီးမဝေးမှာ စစ်ကောင်စီစစ်ကြောင်း ၄ ကြောင်းလောက် ထိုးလာတဲ့အတွက် တပ်ဖွဲ့ကရဲဘော်တွေ ပိတ်မိသွားမှာ စိုးတဲ့အတွက် စခန်းကို စွန့်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10