ထန်းလျှော်တွေကို စစ်တပ်က မီးရှို့လို့ ထန်းတောင်းရက်လုပ်သူတွေ လုပ်ငန်းခွင် အခက်တွေ့

ထန်းလျှော်တွေကို စစ်တပ်က မီးရှို့လို့ ထန်းတောင်းရက်လုပ်သူတွေ လုပ်ငန်းခွင် အခက်တွေ့

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နှောကန်ရွာမှာ ထန်းတောင်းတွေရက်လုပ်ရာမှ ာအသုံးပြုကြတဲ့ ထန်းလျှော်လက်တွေ ဝယ်မရဘဲ၊ ကုန်ကြမ်းပစ္စည်းတွေ ရှားပါးနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပုလဲမြို့နယ်မှာ ထန်းတောင်းတွေကိုရက်လုပ်ဖို့ သိုလှောင်ထားတဲ့လျှော်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ကုန်ကြမ်းရှားပါးနေပြီး၊ တောင်းရက်လုပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ တောင်းရက်လုပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

"တောင်းရက်လုပ်ဖို့အတွက် အရင်နှစ်ကလျှော်တွေကို သိုလှောင်ထားကြပါတယ်။ အဲ့ဒီလျှော်တွေက စစ်တပ်ကရွာကိုမီးရှို့တဲ့အချိန်မှာ မီးထဲပါသွားကုန်တယ်။ လက်ကျန်စုထားတဲ့လျှော်တွေကလည်း တောင်းရက်လို့ကုန်နေပြီ။ ကုန်ကြမ်းပစ္စည်းတွေ ရှာပါးနေတာပါလို့ " တောင်းရက်လုပ်သူတဦးက ပြောပါတယ်။

ကုန်ကြမ်းဖြစ်တဲ့ လျှော်ထန်းလက်တွေကို တနှစ်မှာတခါသာ ချိုင်လို့ရတာဖြစ်ပြီး၊ နှစ်စဉ်တပေါင်းလနဲ့ တန်ခူးလတွေမှာ ချိုင်ကြတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်၊ နှောကန်ရွာသူရွာသားတွေက ထန်းတောင်းရက်လုပ်တာကို မိရိုးဖလာလက်မှုပညာတရပ်အနေနဲ့ လက်ဆင့်ကမ်းပညာသင်ကြားပေးပြီး လုပ်ကိုင်စားသောက်နေကြတာလို့ သိရပါတယ်။

"လျှော်ကုန်ကြမ်းက မရှိတော့ ၆-၇ မိုင်ကျော်အထိ လျှော်ရှိတဲ့သူတွေဆီက သွားဝယ်ရတယ်။ အနည်းအပါး မျှရောင်းပေးပါတယ်။ လိုသလောက်ဝယ်မရပါဘူး။ ကုန်ကြမ်းမရှိလို့ တောင်းလုပ်ဖို့ ခက်ခဲနေတာပေါ့" လို့ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်ကာလတုန်းက တောင်းတွေရက်လုပ်ပြီးတဲ့အခါမှာ ဆိုင်ကယ်နဲ့လှည့်လည်ရောင်းကြတာဖြစ်ပြီး၊ ကားအသွားအလာများလာတော့ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ မြိုင်၊ ပခုက္ကူ၊ ပုလဲ၊ ဆိပ်ဖြူနယ်အထိ တင်ပို့ရောင်းချရတယ်လို့ နယ်လှည့်ရောင်းချသူတဦးက ပြောပါတယ်။

ရက်လုပ်တဲ့တောင်းတွေကတော့ တောင်းအသေး (သနပ်ခါးတုံးထည့်သည့်တောင်း)၊ တင်းဝင်တောင်း(တတင်းဝင်)၊ ခွဲတောင်း(ကျောက်ခဲထည့်သယ်)၊ နှစ်ကွင်းတောင်း(တတင်းခွဲနှစ်တင်းကြားဝင်)၊ လေးကွင်းတောင်း(နှစ်တင်းခွဲသုံးတင်းကြားဝင်)၊ ဆိုင်ကယ်မှာချိတ်တဲ့ တောင်းအကြီး၊ အသေးဆိုပြီး တောင်း ၇ မျိုးရက်လုပ်ကြတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်၊ နှောကန်ရွာမှာ အိမ်ခြေ ၁၃၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ခန့်နေထိုင်ရာ ဧပြီလအစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးလို့ နေအိမ် ၁၀၄ လုံး၊ ထန်းတောင်းရက်လုပ်ရာမှာသုံးတဲ့ ဓါးတွေ၊ ခိုင်နွားတွေ သေဆုံးပျက်စီးခဲ့တဲ့အပြင် အိမ်မှာကျန်နေခဲ့တဲ့ အဘွားအို ၁ ဦးပါ မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲ #ထန်းလုပ်ငန်း #ရိုးရာလက်မှု #တောင်သူ #စစ်ရှောင်ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10