ထိတွေ့တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်က ကလေးနယ်၊ စက္ကန့်ရွာရှိ နေအိမ်တွေကိုမီးရှို့

ထိတွေ့တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်က ကလေးနယ်၊ စက္ကန့်ရွာရှိ နေအိမ်တွေကိုမီးရှို့

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့နယ်၊စက္ကန့်ရွာကနေအိမ်တွေကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၂ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်က စတင်တာကာ မီးရှို့နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။ 

ကလေးမြို့အစပ်မှာရှိတဲ့ ကျေးရွာတွေအနီးမှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား သြဂုတ်လ ၁၀ ရက်ကနေ ဒီကနေ့ ၁၂ ရက် မနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကအထိနာခဲ့ပြီးနောက် စက္ကန့်ရွာကိုဝင်ရောက်မီးရှို့နေတာလို့ ဆိုပါတယ်။

“သူတို့က ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ထဲကနေထွက်ခဲ့တာ မြို့အတွင်းကို ကင်းပတ်တာလိုလိုနဲ့ ကားတွေနဲ့ထွက်ခဲ့တာမှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့တာ။ ရန်သူဘက်က ၃ ယောက်သေပြီး ၆ ယောက်ဒဏ်ရာရတယ်။ ပထမရက်မှာ သူတို့ဆီကနေ ကျနော်တို့ AK47 လက်နက် ၂ လက်ရခဲ့တယ်”လို့  Wind Of Kalay အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ စက္ကန့်ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေတဲ့အတွက် မီးလောင်ဆုံးရှုံးမှုအခြေအနေတွေကို မသိရသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

“သူတို့က အခုချိန်ထိ ရွာထဲမှာရှိနေတုန်းပါ။ ရွာပြင်ကိုထွက်လို့မရဘူး၊ ကျနော်တို့တပ်ဖွဲ့တွေလည်း သူတို့ကဝိုင်းထားတယ်။ ရွာထဲကသူတွေကိုလည်း ၉ ရက်နေ့ကတည်းက ရှောင်ထားခိုင်းတယ်။ အခုချိန်ထိလည်း ပစ်ခတ်မှုတွေက ဖြစ်နေတုန်းပါ” လို့ ဆိုပါတယ်။

အိမ်ခြေ ၈၀၀ နီးပါးရှိတဲ့ စက္ကန့်ကျေးရွာဟာ ပထမအကြိမ်မီးရှို့ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေတဲ့အတွက် စက္ကန့်ကျေးရွာ၊ အင်တိုင်းကုန်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီတပ် #PDF #ထိတွေ့တိုက်ပွဲ #နေအိမ်မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10