ထိတွေ့ပစ်ခတ်မှုဖြစ်လို့ စစ်ကောင်စီ ၇ ဦးသေဆုံးပြီး၊ PDF ၁ ဦးလည်း သေဆုံးဟုဆို

ထိတွေ့ပစ်ခတ်မှုဖြစ်လို့ စစ်ကောင်စီ ၇ ဦးသေဆုံးပြီး၊ PDF ၁ ဦးလည်း သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ စစ်ကောင်စီရဲ့ နဂါးမင်းသမီးတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂၄ ရက် မနက် ၅ နာရီကျော်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဆီက သိရပါတယ်။

အင်အား ၃၀ ကျော်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ၇ နာရီကျော်ကြာမြင့်ခဲ့ပါပြီး ထိတွေ့မှုဖြစ်နေစဉ်အတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးသလို အများအပြားထိခိုက် ဒဏ်ရာရရှိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘက်ကလည်း ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေကို အတွင်းသတင်းအရသိရတာပါ။ ကျနော်တို့ဘက်ကတော့လက်နက်ကြီးမှန်ပြီး ရဲဘော်တယောက်ကျသွားတယ်။ ၂ ယောက်ကတော့ မစိုးရိမ်ဒဏ်ရာရခဲ့တယ်” လို့ People’s Defense Force - Tamu တပ်ရင်း − ၄ က ရုံးတာဝန်ခံ ကိုအုပ်ကြီးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပေမဲ့လည်း မြေလတ်အသံအနေနဲ့ သီးခြားအတည် မပြုနိုင်သေးပေ။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်မှ စစ်ကူရောက်လာတဲ့အတွက် PDF တမူး တပ်ဖွဲ့ဟာ လက်နက်အင်အားမမျှတော့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အခုလက်ရှိအချိန်မှာတော့ အဲဒီတပ်စခန်း မှာလူအင်အား ထပ်မံဖြည့် တင်းထားတယ်လို့လည်း သိရပါတယ်။

People’s Defense Force -Tamu တပ်ရင်း ၄ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကလည်း တမူးမြို့နယ်၊ နန်းကုလား စော်ဘွား(၄)ရပ်ကွက်ကို ဝင်ရောက်စီးနင်းခဲ့ရာ မူးယစ်ဆေးဝါးတွေနဲ့ ငွေကြေးတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ထိတွေ့ပစ်ခတ်မှု #ဒေသကာကွယ်ရေး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10