ထိန်ကန်ရွာရှိ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့က ဗုံးသီး ၅ လုံးနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထိန်ကန်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၆ မနေ့က နေ့လယ် ၃ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် ပစ်ခတ်ခဲ့တယ်လို့  Peacock Generation Z တပ်ဖွဲ့ဆီက သိရပါတယ်။

ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၇၀ ဝန်းကျင်နဲ့ ဝက်လက်အနောက်ခြမ်း၊ ထိန်ကန်ကျေးရွာမှာ ယာယီတပ်စွဲထားစဉ် ကာကွယ်ရေးတပ်ဖွဲ့တွေက Shar Htoo WAW နည်းပညာ ဗုံးသီး ၅ လုံး နဲ့ ၂ ကြိမ်တိတိ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က တော်တော်ကို လက်နက်ကြီးတွေ နဲ့ တအားပြန်ပစ်တာ၊ ကျနော်တို့ Drone နဲ့ ကြည့်တာ သူတို့ဘက်က ထိခိုက်မှုတွေရှိတယ်၊ မျက်မြင်ကိုယ်တွေ့ပါ ” လို့ Peacock Generation Z တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

အခုချိန်ထိလည်း အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ လူအင်အားထပ်ဖြည့်ထားတာမျိုးမရှိဘဲ  ထိန်ကန်ကျေးရွာထဲမှာပဲ ဆက်ရှိနေတဲ့အတွက် ထိန်ကန်ရွာအပါအဝင် ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုကို Peacock Generation Z အဖွဲ့ နဲ့ ဗိုလ်ချုပ် (ဝက်လက်) မဟာမိတ်အဖွဲ့တွေ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၁၆ ညနေ ၆ နာရီလောက်မှာလည်း Peacock Generation Z တပ်ဖွဲ့ဟာ လှတောရွာကို အခြေပြုပြီးတပ်စွဲထားတဲ့ စစ်ကောင်စီစခန်း ၂ ခုကို  Drone နဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကလည်း Peacock Generation Z ပူးပေါင်းတပ်ဖွဲ့ဟာ လှတောတိုက်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #ထိန်ကန်ရွာ #ရွှေဘိုလေ့ကျင့်ရေး၈ #စစ်အုပ်စု #ဒရုန်းနဲ့ပစ်ခတ်ခံရ #ထိခိုက် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10