ထိန်ပင်စောက်ရွာမှာ စစ်တပ်နဲ့ PDF ကြား ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ သေနတ် ၃ လက်ရ   ■ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးထိမှန်

ထိန်ပင်စောက်ရွာမှာ စစ်တပ်နဲ့ PDF ကြား ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ သေနတ် ၃ လက်ရ  ■ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးထိမှန်

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထိန်ပင်စောက်ရွာကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက် ၆ နာရီခွဲလောက်မှာ အင်အား ၁၀၀ ဝန်းကျင်ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တုန်ကုန်းရွာကနေ ၃ မိုင်ခန့်ဝေးတဲ့ ထိန်ပင်စောက်ရွာကို စစ်ကြောင်းထွက်လာချိန် အဲဒီရွာနားအရောက်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အယောက် ၂၀ ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါ တယ်။

“စကစရဲ့ အလောင်း ၃ လောင်း နဲ့ သေနတ် ၃ လက်တော့ ရရှိခဲ့တာရှိပါတယ်။ ထိခိုက်ဒဏ်ရာကတော့ သတင်းအရ မတ္တရာမြို့ပေါ်က ဆေးရုံကို စကစ ၂၀ ဦးခန့်က အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ကြားသိရတယ်။” လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ပါတဲ့ ဒရုန်းဗုံးသီးတွေနဲ့ လာရောက်ကြဲချတိုက် ခိုက်သလို မွန်းလွဲ ၂ နာရီကျော်လောက်မှာလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ တိုက်ပွဲဖြစ်တဲ့ နေရာတဝိုက်ကို ၄ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဘူး လို့ ဆိုပါတယ်။

ပစ်ခတ်မှုဟာ ညနေ ၄ နာရီအထိ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က မတ္တရာမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားသလို တချို့ကလည်း တုန်ကုန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း တုန်ကုန်းကျေးရွာကနေ လက်နက်ကြီး နဲ့ ပစ်ကူပေးခဲ့တဲ့အတွက် အဲဒီရွာနဲ့  ၂ မိုင်ကျော်လောက်ဝေးတဲ့ စကျင်ရွာထဲကို ကျရောက်ပေါက်ကွဲသွားတဲ့အတွက် ကိုကုလား (ဝမ်းဗိုက်ထိမှန်) စိုးရိမ်ရ၊ ကိုအောင်ချိုဝင်း (လက်ထိမှန်) ၊ မဆွေ (ခြေထောက်ဒဏ်ရာရ) ၊ ကိုငတိုး (လက်ထိ) ၊ ကိုနိုင်ဖြိုးသူ (တင်ပါးထိမှန်) တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို ပစ်ခတ်မှုဖြစ်ရခြင်းဟာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ခုခံတဲ့အနေနဲ့ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ သတင်းတာဝန်ခံက ဆက်ပြောပါတယ်။

“လက်ရှိအနေအထားနဲ့ကတော့ အစောပိုင်းလောက်က တိမ်းရှောင်ရတဲ့ရွာတွေပဲရှိပါတယ်။ မနေ့က တိုက်ပွဲကြောင့်  သပ်သပ်တိမ်းရှောင်ရတာတော့ မရှိပါဘူး။ ဒါက ရန်သူကို ပြန်လည်ခုခံတဲ့ တိုက်ပွဲပဲရှိနေပါသေးတယ်။ တော်လှန်ရေးတပ်တွေက တကျော့ပြန်တိုက်ခိုက်တာတော့မဟုတ်ဘူး။ မတ္တရာမြို့နယ်ထဲ မှာတော့ လောလောဆယ် တိုက်ပွဲတွေပြင်းထန်နေတာတော့ရှိတယ်။” လို့ သူက ဆက်ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ရုံသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာတာကြောင့် ဖယောင်းတောင်၊ ထန်းပင်ကုန်းနဲ့ မြို့ကုန်းကျေးရွာတဝိုက်မှာ ထိတွေ့မှုဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ - လက်နက်သိမ်းဆည်းနေသည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများအား တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့ #ထိန်ပင်စောက်ရွာ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10