ထီးလင်းက စစ်သားတဦး အထက်အရာရှိရဲ့ စနိုက်ပါကိုယူပြီး အလင်းဝင်

ထီးလင်းက စစ်သားတဦး အထက်အရာရှိရဲ့ စနိုက်ပါကိုယူပြီး အလင်းဝင်

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းက တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ Yaw Revolution Army - ထီးလင်းက ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူဟာ တပ်သား ဟိန်းသူအောင်ဆိုသူဖြစ်ပြီး သြဂုတ် ၂၇ ရက်မှာ အလင်းဝင်ဖို့ ဆက်သွယ်လာပြီးနောက် သြဂုတ် ၂၈ ရက်မှာ အလင်းဝင်လာရောက်လာခဲ့တာလို့ ဆိုပါတယ်။ 

“သူထွက်လာမယ်ဆိုတဲ့အချိန်မှာ သူ့သေနတ်က သူ့ရဲ့တပ်ကြပ်ကြီးက ငှားသွားတယ်။ အဲ့ဒါကြောင့် သူ့အထက်အရာရှိရဲ့ သေနတ်ကိုယူပြီးမှ ပြေးလာတာ။ တပ်ထဲကနေ သူပုံမှန်ပဲ လမ်းလျှောက်ပြီးထွက်လာတယ်။ ကျနော်တို့နဲ့တွေ့တဲ့အချိန် ကားနဲ့တင်ပြီး ခေါ်လာတယ်” လို့ Yaw Revolution Army - ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သူနဲ့အတူ MAS အမျိုးအစား စနိုက်ပါသေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ကို ယူဆောင်လာခဲ့ပြီး သူ့ကို ဆုကြေးငွေ ၆၅ သိန်းချီးမြှင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တပ်သားဟိန်းသူအောင်ဟာ အလင်းမဝင်ခင်ကတည်းက တပ်တွင်းသတင်းတွေကို ပို့ပေးနေသူ ဖြစ်တယ်လို့ အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

တပ်သားဟိန်းသူအောင်ဟာ လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူနေထိုင်နေပြီး ရှေ့ဆက် သူဖြစ်ချင်တဲ့အတိုင်း လုပ်ဆောင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

Yaw Revolution Army တပ်ဖွဲ့ဆီကို အလင်းဝင်လာတဲ့ စစ်သားနဲ့ရဲ စုစုပေါင်း ၃၀ ကျော်ရှိပြီး အဲ့ဒီထဲမှာမှ လက်နက်နဲ့အလင်းဝင်လာသူ ၅ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ထီးလင်း #စစ်ကောင်စီ #တပ်သား #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10