ထီးချိုင့်နယ်မှာ စစ်တပ်နဲ့ PDF ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

ထီးချိုင့်နယ်မှာ စစ်တပ်နဲ့ PDF ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ကနေ အင်အား ၁၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၃  ရက် မနေ့က မနက် ၇ နာရီလောက်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထီးချိုင့်မြို့နယ်၊ ထန်းကုန်းရွာနဲ့ ပျဥ်းစုရွာကြားမှာ အပြန်အလှန်ပစ်ခတ်မှု ၃ နာရီနီးပါး ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီ ကျော်လောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဉ် ၁ စီး နဲ့ ပျဥ်းစုရွာနားကို ၂ ကြိမ်တိတိလာရောက် ပစ်ခတ်သွားခဲ့ပါသေးတယ်။ 

“ထိတွေ့ပစ်ခတ်မှုပြီးမှ လေယာဉ်နဲ့ လာပစ်တာပါ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေတော့ မရှိပါဘူး။ ” လို့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ထန်းကုန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။ 

အောက်တိုဘာ ၁၄ ဒီနေ့  မနက် ၈ နာရီလောက်မှာလည်း ထန်းကုန်းရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ ဒုတိယအကြိမ်ထပ်မံ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

“ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ပစ်ခတ်မှုကတော့ ဆက်ဖြစ်ဖို့တော့ ရှိသေးတယ်” လို့ သူက ဆိုပါတယ်။

၂ ရက်ဆက်တိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေပေမယ့်လည်း စစ်ကောင်စီဘက်မှ လူအင်အားထပ်မံဖြည့်တင်းတာမျိုးတွေ မရှိသေးသလို စခန်းချထားတဲ့ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ထီးချိုင့်နယ်ထဲမှာ အခုလို ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့  အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေတဲ့အတွက် ထန်းကုန်းရွာနဲ့ ပျဉ်းစုရွာအပါအဝင် ကျေးရွာ ၅ ရွာထက်မနည်း နီးစပ်ရာကျေးရွာနဲ့ တောတောင်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်ကလည်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့စခန်းတခုကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းလိုက်ပြီး ကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့  #စစ်ကောင်စီ  #PDF #တိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10