ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်နေ၊ စစ်တပ်က လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်နေ၊ စစ်တပ်က လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်နေကာ စစ်ကောင်စီတပ်အခိုင်အမာတပ်ဆွဲထားတဲ့ မြတောင် ကျေးရွာအနီးက ကတုပ်ကျင်းကို ကာကွယ်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်နေပြီး ကာကွယ်ရေးရဲဘော်တဦး ကျဆုံးကာ တဦးဒဏ်ရာရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက် ဒီနေ့ မနက် ၁၁ နာရီမှာ စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့အတွင်းက ပြည်သူတွေအားလုံးကို နိုဝင်ဘာ ၁၀ ရက် ဒီနေ့ မနက် ၈ နာရီ နောက်ဆုံးထားပြီး မြို့ပြင်ထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကြေညာခဲ့သလို ကူညီကယ်ထုတ်ပေးတာတွေလည်း ပြုလုပ်ပေးနေပါတယ်။ 

"မြို့တွင်းကိုတော့ မနေ့ကတည်းက ကာကွယ်ရေးတပ်တွေကဝင်စီးထားနိုင်တယ်။ စစ်ကောင်စီတပ်တွေကလည်း တောင်ပေါ်တွေမှာ နေရာယူထားတယ်။ ပြည်သူတွေတော့ အကုန်ရွေ့ဖို့ မနေ့ကတည်းက ကြေညာထားတယ်။" လို့ ထီးချိုင့်မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့ပေါ်ကနေ စစ်ကောင်စီတပ်တွေဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ဆုတ်ခွာထားပြီး အဓိက တိုက်ရမယ့်နေရာဟာ မြတောင်ကျေးရွာလမ်းဆုံမှာ တပ်စွဲထားတဲ့တနေရာသာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ထီးချိုင့်မြို့ကို အင်အားတိုးတာတွေမလုပ်ပေမယ့် တကောင်းနီကယ်စက်ရုံမှာ မနေ့က စစ်အင်အားဖြည့်တာတွေလုပ်ခဲ့ပြီး ထီးချိုင့်မြို့နဲ့ တမိုင်ခန့်အကွာက တောင်ခြေတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ စက်သေနတ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်တပ်က တောင်ပေါ်ကနေပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မနေ့က ထီးချိုင့်မြို့ဘောလုံးကွင်းအတွင်းနေထိုင်တဲ့ လင်မယားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ထီးချိုင့်မြို့ပေါ်မှာရှိတဲ့ နေအိမ်တွေ ထိမှန်ပျက်စီးသွားသလို ရွှေဂူတောင်ကျောင်းတိုက်နဲ့ မင်္ဂလာရန်ကင်းကျောင်းတိုက်က ကျောင်းဆောင်တွေလည်း ထိမှန်ပျက်စီး သွားခဲ့တဲ့အပြင် မင်္ဂလာရန်ကင်းကျောင်းတိုက်က ဆရာတော် ဦးစန္ဒာသီရိလည်း ပျံလွန်တော်မူသွားတယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“ကျောင်းတိုက် ၂ ခုကတော့ လုံးဝပျက်စီးသွားပါပြီ။ ရွှေဂူတောင်ဆရာတော်ကတော့ ကြိုရှောင်ထားလို့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ မင်္ဂလာရန်ကင်းဆရာတော်ကတော့ မရှောင်တဲ့အတွက် မနေ့က air strike မှာ ပါသွားတယ်” လို့ သူက ဆိုပါတယ်။

ဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက လေကြောင်းပစ်ခတ်မှု ထပ်မံပြုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် အခုချိန်ထိလည်း စစ်ရေးအခြေနေတွေတင်းမာနေဆဲဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ တကောင်း−ထီးချိုင့်−အင်းတော်လမ်းပိုင်းကို လုံခြုံရေးအရ အသုံးမပြုကြဖို့ကိုလည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စာတည်း − လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #စစ်ကောင်စီ #လေယာဉ် #ဆရာတော် #ပျံလွန်တော်မူ #မြို့သိမ်းတိုက်ပွဲ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10