ထီးချိုင့်မြို့သိမ်းတိုက်ပွဲထပ်ဖြစ်မယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်

ထီးချိုင့်မြို့သိမ်းတိုက်ပွဲထပ်ဖြစ်မယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ထပ်ဖြစ်လာတော့မယ်လို့ သတင်းတွေထွက်နေပြီးနောက် သြဂုတ် ၂၀ ရက် ဒီမနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

တံတားဦးလေဆိပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ Y12 တစီးဟာ ဒီမနက် ၄ နာရီခွဲလောက်မှာ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်အချို့နဲ့ မြတောင်ရွာတွေဘက်ကို ဗုံးသီး ၆၀ လောက်သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“တိုက်ပွဲလည်းမရှိသေးဘူး။ သတင်းတွေကတော့ အမျိုးမျိုးထွက်နေကြတာ့ သူတို့ကိုတိုက်မှာဆိုးလို့ ပစ်တာနေမှာ အင်းတော်တို့ဘာတို့လည်း မြို့သိမ်းတွေလုပ်တော့ ထီးချိုင့်လည်းလုပ်လိုက်မယ်ခန့်မှန်းချက်နဲ့ လာပစ်တယ်လို့ ယူဆလို့ရတယ်” လို့ ထီးချိုင့်ပကဖတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့အထွက်လမ်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရှိလောက်မယ်ထင်တဲ့နေရာတွေကို အဓိကထားပစ်ခတ်ခဲ့ပေမယ့်လည်း ပစ်ခတ်ခံရတဲ့နေရာကဒေသခံအများစုဟာ စစ်ရှောင်ထွက်ပြေးနေကြတာကြောင့် လူထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ 

“ထီးချိုင့်မြို့ပေါ်မှာ ဘယ်သူမှမရှိတော့ဘူး။ ရှောင်ခဲ့တာ ပထမအကြိမ် ထီးချိုင့်မြို့သိမ်းတိုက်ပွဲစကတည်းက ရှောင်နေကြတာ။ မြို့ပေါ်မှာတော့ နွားတွေလောက်ပဲကျန်ခဲ့တယ်။ သူတို့ရဲ့ ပိုင်ရှင်တွေကလည်း စစ်ရှောင်နေရတော့ ဒီအတိုင်း လွတ်ထားတာ၊ မြတောင်ဘက်မှာလည်း ဒေသခံအနည်းအကျဥ်းလောက်ပဲကျန်ခဲ့တော့တယ်” လို့ ထီးချိုင့်ပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ထီးချိုင့်မြို့ပေါ်နဲ့ မြို့အနီးမှာ အင်အား ၅၀၀ လောက်နဲ့ တပ်စွဲနေထိုင် နေတယ်လို့လည်း ဆိုပါတယ်။ 

ဇန်နဝါရီ ၃ ရက်ကလည်း ထီးချိုင့်မြို့နယ်၊ ဝဲကြီး(တောမ) ရွာထဲကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် ထီးချိုင့်မြို့သိမ်းတိုက်ပွဲစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်းနဲ့ လျှောင်းတော်မူဘုန်းတော်ကြီးကျောင်းကို ထိမှန်ခဲ့ပြီး သံဃာနဲ့ဒေသခံတချို့ သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ထီးချိုင့်မြို့တွင်း အဆောက်အဦတချို့။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10