ထီးချိုင့်မှာ အမျိုးသမီးတဦးကို စစ်အုပ်စုက ပစ်သတ်

ထီးချိုင့်မှာ အမျိုးသမီးတဦးကို စစ်အုပ်စုက ပစ်သတ်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့ထဲက နေအိမ်ကိုပြန်လာတဲ့ အမျိုးသမီးတဦးကို အောက်တိုဘာ ၁၉ ရက် မနေ့ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

သေဆုံးသူဟာ အသက် ၁၉ နှစ်အရွယ် မသွန်းရတီဖြစ်ပြီး ထီးချိုင့်မြို့အပြင်ဘက်မှာ အသုပ်ဆိုင်ဖွင့် ရောင်းချနေသူဖြစ်ကာ အဖော်တဦးနဲ့အတူ ဆိုင်ပိတ်ပြီး ပြန်လာချိန် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်တာကို ခံခဲ့ရတာဖြစ်သလို သူနဲ့ပါလာသူတဦးကတော့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

“မနေ့ညက သူတို့  ၂ ယောက်ဆိုင်ပိတ်ပြီး မြို့ထဲပြန်လာတဲ့အချိန် အပစ်ခံလိုက်ရတယ်။ သူ (မသွန်းရတီ) ကဆုံးသွားတယ်။ တယောက်ကတော့ ဒဏ်ရာရသွားတယ်”  လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မနေ့ည ၆ နာရီလောက်မှာ ထီးချိုင့်မြို့အနီး အဆိုပါစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက မြို့ထဲကို ပြန်ဝင်လာချိန်မှာ အခုလို ပစ်ခတ်ခဲ့တာဖြစ်ပြီး အလောင်းကိုတော့ အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ သင်္ဂြိုလ်မယ်လို့ သိရပါတယ်။ 

ထီးချိုင့်မြို့ပေါ်မှာ ခုလို စစ်ကောင်စီတပ်တွေရဲ့ အသတ်ခံရတာ ဒါက ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် မနေ့ကအထိ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့လက်အောက်ခံတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ ၄ ထောင်ကျော် (၄၁၅၁ ဦး) ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ထီးချိုင့် #စစ်ကောင်စီ #ပစ်သတ် #အမျိုးသမီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10