ထီးလင်း ပအဖတာဝန်ခံတဦး ဗုံးစထိမှန်ဒဏ်ရာတွေကုသရန် အကူအညီ ထပ်မံလိုအပ်နေ

ထီးလင်း ပအဖတာဝန်ခံတဦး ဗုံးစထိမှန်ဒဏ်ရာတွေကုသရန် အကူအညီ ထပ်မံလိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတဦးတွင် ထိမှန်ထားတဲ့ ဗုံးစများ ခွဲစိတ်ကုသရန် အကူအညီတွေ ထပ်ံလိုအပ်နေတယ်လို့ သိရပါတယ်။ 

ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးရုံးကို ဧပြီ ၂၀ ရက်က စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ပအဖ တာဝန်ခံတဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ 

စစ်တပ်က နေ့လယ်ပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲချိန် အသက် ၃၀ အရွယ် ပအဖတာဝန်ခံ ကိုလေးဆိုသူမှာ မျက်လုံးနဲ့ ခန္ဓာကိုယ်နေရာအနှံ့ကျည်စတွေ ထိမှန်ခဲ့ပြီး ထပ်မံခွဲစိတ်ကုသဖို့ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

"မျက်လုံးထဲက အစအနတွေကတော့ ထုတ်ပြီးပြီ။ ဘယ်ဘက်မျက်လုံးက ဝါးတားတားတော့ မြင်ရတယ်။ ညာဘက်မျက်လုံးက ဆေးပြတာပဲရှိသေးတယ်။ ခန္ဓာကိုယ်က ကျည်စတွေထုတ်ဖို့ ကျန်နေသေးတယ် " လို့ ပအဖတာဝန်ခံ ကိုလေးက ပြောပါတယ်။

ယခင်ခွဲစိတ်ကုသခဲ့ရာမှာ ပြည်တွင်း ပြည်ပအလှူရှင်တွေ လှူဒါန်းခဲ့ရာ သိန်း ၂၈၀ ကျော်ကုန်ကျခဲ့ပြီး ထပ်မံခွဲစိတ်ကုသဖို့ ကျပ်သိန်း ၁၃၀ ခန့် ကုန်ကျစရိတ်ရှိမယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးကုသရာမှာ မျက်လုံး ဘယ်ဘက်ကို ခွဲစိတ်တာ  ၄ ကြိမ်လုပ်ခဲ့သလို ခန္ဓာကိုယ်ပိုင်းက ၃ ကြိမ်နဲ့ စုစုပေါင်းခွဲစိတ်တာ ၇ ကြိမ်လုပ်ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီအတွင်း ၈ ကြိမ်မြောက် ခွဲစိတ်မှု ပြုလုပ်ရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ခွဲစိတ်ထားတဲ့ ဘယ်ဘက်မျက်လုံးမှာ ပြန်လည်ကောင်းဖို့ အားသာပြီး ညာဘက်မျက်လုံးကတော့ ဆရာဝန်နဲ့  ၂ ကြိမ်ပြသထားတာမျိုးပဲရှိပြီး ၂၀၂၄ ထဲမှာ ပြန်လည်ပြသရမှာလို့ ဆိုပါတယ်။

ရာသီဥတုအေးတဲ့အခါ ခြေထောက်နှစ်ဘက်လုံးက ကိုက်ခဲနာကျင်တာမျိုးရှိပြီး ညာဘက်လက် ထုံကျင်နေတာမျိုး ဝေဒနာခံစားနေရကာ နိုဝင်ဘာလအတွင်း ကိုင်တိုင်စားသောက်နိုင်အောင် လေ့ကျင့်ထားတယ်လို့ ကိုလေးက ပြောပါတယ်။

ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ကိုလေးအနေနဲ့ ပအဖတာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ ကျန်းမာရေးအရ ဆေးခွင့်ယူထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စစ်တပ်ကလေကြောင်း တိုက်ခိုက်ခံရလို့ ပြင်းထန်ဒဏ်ရာရသူ ၅ ဦးရှိသလို အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဧပြီလ ၂၀ ရက်က လေယာဥ်ဗုံးစထိမှန်ခဲ့တသည့် ပအဖတာဝန်ခံ ကိုလေး။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါ #ထီးလင်း #လေယာဥ် #ဗုံးကြဲ #ပအဖတာဝန်ခံ #ပြင်းထန်ဒဏ်ရာရ #ခွဲစိပ်ကုသ #အကူအညီလိုအပ် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10