သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်ယူလာပြီး အလင်းဝင်လာခဲ့တယ်လို့ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများက ဒီဇင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲ့ဒီရဲတပ်သားဟာ ဒီဇင်ဘာ ၁ ရက်ကတည်းက မြေပြင်မှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကိုအလင်းဝင်ဖို့ ဆက်သွယ်ခဲ့တာကြောင့် ဒီဇင်ဘာ ၄ ရက်မနက် ၁၀ နာရီခွဲလောက်က ထီးလင်းမြို့တနေရာမှာ သွားရောက်ခေါ်ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။
“စစ်ကောင်စီလက်အောက်မှာ နေခဲ့ရတော့ စိတ်ကျဉ်းကျပ်တာတွေရော၊ စိတ်ဒဏ်ရာတွေအတွက် အခုလက်ရှိ သူ့ကိုကျနော်တို့ စိတ်ကျန်းမာရေးတွေကအစ ကုသပေးပါတယ်။” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရဲတပ်သားနဲ့အတူ MA 13 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၄၂ တောင့်ပါလာတာကြောင့် သူ့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆုငွေချီးမြှင့်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
သူဟာ ပထမအကြိမ်အလင်းဝင်ဖို့ ကြိုးစားခဲ့ဖူးပြီး လက်နက်တွေယူကာ စခန်းထဲကထွက်ဖို့လုပ်ချိန် မိသွားတဲ့အတွက် ထောင် ၃ လချမှတ်ခံခဲ့ရတယ်လို့ ရဲတပ်သားရဲ့ပြောပြချက်ကို အထက်ပါတပ်ဖွဲ့ဝင်က ပြန်ပြောပြပါတယ်။
“အရင်တခါလည်း ချိတ်ဆက်တော့ မိသွားတာ။ မိသွားတော့ နှိပ်စက်ခံရပြီးတော့ ထောင် ၃ လဆိုတာ ကျတယ်ပြောတယ်။ အရင်တခါလည်း လက်နက်နဲ့ဘာနဲ့မိသွားတာ။ ဒီတခေါက်ကျတော့ တိုးတိုးတိတ်တိတ်နဲ့ ချိတ်ဆက်ပြီးတော့ ဒီကကျနော်တို့ရဲဘော်တွေ သွားကြိုရတာ။” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူရှိနေပြီး ရှေ့ဆက်ပြီးဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာကိုတော့ အသေးစိတ်မမေးမြန်းရသေးဘူးလို့ ဆိုပါတယ်။
ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဆီကို အလင်းဝင်ရောက်သူ အနည်းဆုံး ၁၀ ဦးအထိရှိနေပြီး အဲဒီထဲမှာ လက်နက်နဲ့အလင်းဝင်လာသူက များတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထီးလင်းမြို့အတွင်းမှာ ကျန်ရှိနေတဲ့ ရဲ၊ စစ်ကောင်စီတပ်သား၊ ပျူစောထီးတွေလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တဖက်မှာလည်း စစ်ဆင်ရေးတွေ ပိုပြင်းထန်လာမှာဖြစ်လို့ ထီးလင်းမြို့ပေါ်က အရပ်သားပြည်သူတွေ အပါအဝင် စစ်ကောင်စီဘက်က လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထီးလင်းမြို့ကို အမြန်ဆုံးစွန့်ခွာပြီး NUG ရဲ့ စိုးမိုးနယ်မြေတွေကို ထွက်လာကြဖို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၂ ဖွဲ့က ပူးပေါင်းသတိပေး ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်အထိ ထွက်ခွာလာဖို့အချိန်ပေးထားပြီး သတ်မှတ်ကာလကျော်လွန်ပြီး စစ်ရေးအရ မြို့ကို ဝင်ရောက်တဲ့အခါမှာ ထိခိုက်နိုင်တဲ့အတွက် ဂရုစိုက်နိုင်မယ့်အနေအထားမရှိတော့ဘူးလို့ ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ကိုသန့်က မြေလတ်အသံကို ဖြေဆိုခဲ့ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ထီးလင်း #စစ်ကောင်စီ #ရဲတပ်သား #အလင်းဝင်
Share Share Share